Friday, February 05, 2010

ကရင်သတင်းစဉ်ရုံးခန်းကို ထိုင်းအာဏာပိုင်များ စစ်ဆေး

မဲဆောက်တွင်ဖွင့်လှစ်ထားသည့် ကရင်သတင်းစဉ် ရုံးခန်းကို ယနေ့နံနက်က ထိုင်းအာဏာပိုင်များ အင်အား သုံး၍ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖောဂေက “ဒီမနက်အစောကြီးပဲ ကျမတို့ရုံးနဲ့ကပ်လျက်အခန်းကို ထိုင်းအာဏာ ပိုင်တွေ လာပြီးစစ်ဆေးမှုတွေလုပ်တယ်။ အဲဒီအခန်းက အရင် (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နေသွားတဲ့ အိမ်ဖြစ်တယ်။ သူက ဒီမှာမနေတာ ကြာပြီ။ အဲဒီအိမ်စစ်ပြီးတာနဲ့ ပိတ်ထားတဲ့ ကျမတို့ရုံးရဲ့ တံခါးကိုဖျက်ပြီး ၀င်ရောက် စစ်ဆေးမှုတွေလုပ်တယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်သွားတယ်၊ ရုံးသုံးပစ္စည်းတွေ ကွန်ပျူတာတွေ သိမ်းသွား တာတော့မရှိဘူး။ ယူအက်စ်ဘီ (၂) ခုတော့ ပျောက်သွားတယ်” ဟု ပြောသည်။

မဲဆောက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့သည့်အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းကို ယနေ့နံနက် (၆) နာရီက ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား (၃၀) ခန့် ၀င်ရောက်ရှာဖွေ စစ်ဆေး မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော နေထိုင်ခဲ့ဖူးသည့် အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းရှိရာ နှစ်ထပ်အဆောက် အဦအတွင်း ၀င်ရောက် ရှာဖွေရာတွင် မှတ်တမ်းဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးခဲ့သော်လည်း အဖမ်းအဆီးမရှိဟု သိရသည်။

ဒု-ဥက္ကဋ္ဌ၏ သမီးဖြစ်သူ နန်းဗစ်တိုးရီးယားကို ထိုင်းအာဏာပိုင်များက မေးမြန်းရာတွင် “အဖေမြို့ပေါ်မှာ မနေတာကြာပြီ၊ နယ်စပ်တောထဲမှာနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၃) ဦး လာရောက်ခဲ့ပြီး ကရင်သတင်းစဉ်ရုံးခန်းနှင့် ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့ဖူးသည့် အခန်းတို့ကို ဗွီဒီယိုမှတ်တမ်းများ လာရောက်ရိုက်ကူးခဲ့သည်။

မဲဆောက်တွင်နေသည့် ထိုင်းသတင်းစာဆရာတဦးက “ကရင်သတင်းစဉ်က လတ်တလောဖြစ်နေတဲ့ ကရင် စစ်ပြေးဒုက္ခသည် ပြန်ပို့မယ့်ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေ ဆက်တိုက်ရေးနေတဲ့အနေအထားကြောင့် အာဏာ ပိုင်တွေရဲ့ ဖိအားပေးတာကို ခံရတာလို့ ထင်တယ်” ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများ၏ အခြေချနေရာများကို ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နိုင် သည်ဟု နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။


ခေတ်ပြိုင်သတင်းဌာနမှ http://www.khitpyaing.org/news/ကူးယူဖော်ပြပါသည်-

No comments: