Monday, March 10, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ ပူးတွဲ ရေးဆွဲမည်

Monday, March 10, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ သီးခြားစီ ရေးဆွဲနေပြီး သဘောထား ကွဲလွဲမှု အချို့ ရှိနေသော နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးတွဲ ရေးဆွဲသွားမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များက မတ်လ ၉ ရက်နေ့တွင် ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အလွတ်သဘော တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ ဆွေးနွေးရာတွင် ယခင်က အစိုးရ တင်ပြသည့် အပစ်ရပ်မူကြမ်းနှင့် တိုင်းရင်းသား အဖွဲ့များ တင်ပြသည့် မူကြမ်းဟူ၍ နှစ်ခု ဖြစ်နေသည့် အတွက် ယင်းနှစ်ခုကို ပြန်လည် ညှိနှိုင်းကာ တစ်ခုတည်းသော အပစ်ရပ် မူကြမ်း (Single Text) အဖြစ် ပြုစုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ယင်းသို့ ပြုစုရန်အတွက် အစိုးရ ကိုယ်စားပြု အဖွဲ့ဝင် ကိုးဦးနှင့် တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့ဝင် ကိုးဦး စုစုပေါင်း ၁၈ ဦးပါ အပစ်ရပ်မူကြမ်း ပြုစုရေး ပူးတွဲကော်မတီ တစ်ရပ်ကို မတ်လ ၁၀ ရက်နေ့ တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ ပူးတွဲကော်မတီက ရေးဆွဲပြုစုသည့် အပစ်ရပ်မူကြမ်းကို အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် များသို့ အသီးသီး ပြန်လည် တင်ပြပြီးပါက ဘားအံ ဆွေးနွေးပွဲ ခေါ်ယူ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးမည့် အချိန်ကို ကြေညာနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ရှင်းပြသည်။

“စာချုပ်ရေးဖို့ ဆိုတာလည်း နှစ်ဖက်မူတွေမှာ အများစု သဘောတူထား ပြီးသားတွေ ဆိုတော့ နှစ်ပတ်အတွင်း အပစ်ရပ်စာချုပ် အပြီး ဆွဲနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။

ပူးတွဲ ဖွဲ့စည်းမည့် အပစ်ရပ်မူကြမ်း ရေးဆွဲရေး ကော်မတီတွင် အစိုးရ ကိုယ်စားပြု အဖြစ် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့မှ ကိုယ်စားလှယ် သုံးဦးစီနှင့် တိုင်းရင်းသားများ ကိုယ်စားပြု အဖြစ် NCCT အဖွဲ့ဝင် ကိုးဦး ပြန်လည် ပါဝင်မည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များက ထပ်မံ ပြောဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ အပြန်အလှန် မူကြမ်းများ တင်ပြကြသော်လည်း နောက်ဆုံးအဆင့် လက်မှတ် ရေးထိုးမည့် အပစ်ရပ် သဘောတူ စာချုပ်ကို နှစ်ဖက် ပူးပေါင်း ရေးဆွဲရန် တိုင်းရင်းသား အဖွဲ့များက အစဉ်တစိုက် တောင်းဆိုခဲ့သည်။

The Voice Weekly

No comments: