Tuesday, July 29, 2014

MH17 မှ ရုပ်အလောင်းအားလုံး ပြန်ရရန် မဖြစ်နိုင်ဟု နယ်သာလန် ရဲတပ်ဖွဲ့ အကြီးအကဲ ဝန်ခံ



Tuesday, July 29, 2014

MH17 လေယာဉ်ပျက်မှ ရုပ်အလောင်း အားလုံးကို ပြန်လည်ရရှိရန် မဖြစ်နိုင်ဟု နယ်သာလန် ရဲတပ်ဖွဲ့ အကြီးအကဲက ဝန်ခံ ပြောကြားခဲ့သည်။


MH17 ပျက်ကျမှုတွင် နယ်သာလန် နိုင်ငံသား အများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ ယခုအခါ နယ်သာလန်နှင့် ဩစတြေးလျတို့မှ ပူးပေါင်းရဲတပ်ဖွဲ့များသည် ယူကရိန်း အရှေ့ပိုင်းရှိ လေယာဉ်ပျက် တည်နေရာတွင် ရှာဖွေရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ သို့သော်လည်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် လူ(၂၉၈)ဦးစလုံး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိရန် ဖြစ်နိုင်ဖွယ် မရှိကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဂါရတ်ဘူမန်းက မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော့် အနေနဲ့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေကို အလောင်းတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ပြန်ရလာစေမယ်လို့ အာမခံချက် ပေးချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာတော့ အဲဒီ မျှော်လင့်ချက် လက်တွေ့ဖြစ်နိုင်ဖို့ အခွင့်အရေးက နည်းလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ရနိုင်သမျှ အားလုံးကို အရပြန်ယူလာဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ”ဟု ဘူမန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယူကရိန်း သူပုန်များသည် ရှာဖွေတွေ့ရှိသမျှ လူသားရုပ်အလောင်း အပိုင်းအစများကို ပြန်လည် လက်လွှဲပေးခဲ့သော်လည်း မည်သူမည်ဝါ ခွဲခြားရ ခက်ခဲလွန်းနေကြောင်းလည်း ဘူမန်းက ဝန်ခံခဲ့သည်။ “ရုပ်အလောင်း ထည့်ထားတဲ့ အိတ်တွေကို ယူကရိန်းမှာ သွားစစ်ဆေးတော့ အမျိုးအမည် ခွဲရခက်လွန်းနေတာကို ကျွန်တော်တို့ တွေ့လာရတယ်။ လက်တွေ့ အလုပ်လုပ်ရတဲ့ သူတွေအတွက် အလောင်းတွေကို စိစစ် ခွဲထုတ်ဖို့ အရမ်းခက်ခဲနေခဲ့ပါတယ်။ အစိတ်အပိုင်းတွေက အကြီးအသေး အမျိုးမျိုး ရောနှောပြီး အိတ်တွေထဲမှာ ပါလာတာပါ”ဟု ၎င်းက ဆိုသည်။

နယ်သာလန်နှင့် ဩစတြေးလျမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်(၂၈)ရက်က လေယာဉ်ပျက် တည်ရှိရာ နေရာသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ယူကရိန်း စစ်တပ်နှင့် သူပုန်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်နေသဖြင့် လက်လျှော့ခဲ့ရကြောင်း သိရှိရသည်။

7Day News Journal

No comments: