Wednesday, September 03, 2014

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီများအား ပြန်လည် ခေါ်ယူမှုတွင် ဘင်္ဂလားဒေ့ရှ် အတွင်းဝန်၏ ပြောကြားမှုအပေါ် သမ္မတရုံးမှ ပြန်လည် ရှင်းလင်း

Wednesday, Setember 03, 2014

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ (၂၄၁၅) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် Mr. MD Shahidul Haque က ဘင်္ဂလားဒေ့ရှ် မီဒီယာများအား ပြောကြားမှု အပေါ် နိုင်ငံတော် သမ္မတရုံးမှ ပြန်လည် ရှင်းလင်းခဲ့သည်။

သြဂုတ်လ (၃၁) ရက်နေ့တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ အကြား ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ အပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က ဘင်္ဂါလီ များအား ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်း၊ ဘင်္ဂါလီများအား ပြန်လည် ခေါ်ယူရာတွင် နှစ်လအတွင်း ပူးတွဲ ကော်မတီဖွဲ့မည်ဆိုသည်ကို နှစ်လအတွင်း အပြီး ပြန်လည် ပို့ဆောင်ရန် မြန်မာနိုင်ငံက လက်ခံလိုက်သည်ဟု ပြောဆိုခြင်းများ အတွက် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ပြန်လည် ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

 ““ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ရိုဟင်ဂျာဟာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ပြောပြီးသား။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူး။ ဒါကို ဘင်္ဂလားဒေ့ရှ် အတွင်းဝန်က ရိုဟင်ဂျာ ဆိုပြီး သုံးနှုန်းတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မလေးစားတာ၊ သံတမန် နည်းလမ်းတွေကို ဖောက်ဖျက်ရာ ရောက်တယ်”” ဟု စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက The Messenger Media သို့ပြောသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ် အတွင်းဝန် ပြောကြားချက် အပေါ် နိုင်ငံတော် သမ္မတကြီးနှင့် မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူ တချို့က ဝေဖန်ပြောကြားနေ သကဲ့သို့ ပျော့ညံ့စရာ အကြောင်း မရှိကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ၊ နိုင်ငံတကာ သဘောတူညီချက် များကို လေးစားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံသားများ၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာကို မထိပါးစေရ ဆိုသည့် နိုင်ငံတော် သမ္မတကြီး ချမှတ်ထားသော မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ သုံးသောင်းကျော် ရှိသည်ဟု ပြောဆို ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ပူးပေါင်းအဖွဲ့နှင့် တို့မှ စိစစ်ခဲ့ရာတွင် စုစုပေါင်း (၂၄၁၅)ဦး ပေါ်ထွက် လာကြောင်း သိရသည်။ ယင်းသို့ စိစစ်ရာတွင် ပြန်လည် ၀င်ရောက်လာသူသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဖြစ်ရမည်၊ ၎င်းတို့ ကိုယ်တိုင် ပြန်လည် ၀င်ရောက်လာသူများ ဖြစ်ရမည်၊ အထောက်အထား ပြနိုင်သော မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ရမည်၊ ယင်းသို့ မွေးဖွားလာသည် ဆိုသည်ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဗဟိုအဆင့်ရှိ တရားရုံး၏ ထောက်ခံချက် ပါရှိ ရမည် ဟူသည့် အချက် လေးချက်ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

messenger

No comments: