Tuesday, November 25, 2014

ကြေးစားလူမိုက်ဂိုဏ်းများကို အထူးမှုခင်းအဖွဲ့ဖြင့် နှိမ်နင်း




Tuesday, November 25, 2014

မှုခင်းအများဆုံး ဖြစ်ပွားရာ ရန်ကုန်မြို့တော်တွင် ကြေးစားလူဆိုး လူမိုက်များ ဂိုဏ်းဖွဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ခိုး၊ ဆိုး၊ လု၊ ယက် ပြစ်မှုများ ကျူးလွန်လာသောကြောင့် အထူးမှုခင်းအဖွဲ့များဖြင့် နှိမ်နင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးပြည့်စုံက ပြောကြားသည်။

“ဒီ စီမံချက်မှာပဲ လှိုင်သာယာမြို့နယ်က ကြေးစား လူမိုက်ဂိုဏ်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အထူးမှုခင်း နှိမ်နင်းရေး လုပ်ငန်းများကို မှုခင်းအဖြစ်များသော အရှေ့ပိုင်းခရိုင်ရှိ မြောက်ဥက္ကလာပနှင့် တာမွေမြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ လှိုင်၊ ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ သန်လျင်၊ ဒလနှင့် တွံတေးမြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ ထန်းတပင်၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်တို့တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးများထံမှ သိရှိရသည်။

ရဲတပ်ဖွဲ့က မှုခင်းကျဆင်းရန် အထူးမှုခင်းနှိမ်နင်းရေးကို ဆောင်ရွက်နေသော်လည်း လက်ရှိ ရဲအင်အား နည်းပါးမှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် လူဦးရေ ၁၃၀၀ နီးပါးကို လုံခြုံရေး ဆောင်ရွက် ပေးနေရသောကြောင့် တာဝန်ဝတ္တရားများ လစ်ဟာမှုကို ပြည်သူလူထုမှ နားလည်မှုပေးကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး မှုခင်းဖြစ်ရပ်များ မြင်တွေ့ကြားသိပါက သတင်းပေးစေလိုကြောင်း ဒုရဲမှူးက ဆက်လက်ပြောကြားသည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ကြေးစားလူမိုက်ဂိုဏ်းဆိုလို့ ရန်ကုန်တစ်မြို့တည်း ရှိတယ်၊ ရဲစကားနဲ့ ပြောရရင် သရဲခြောက်တယ်ပေါ့ဗျာ၊ ဒီလို လူမိုက်ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ အနိုင်ကျင့် ပြစ်မှုကျူးလွန်နေတာမျိုး တွေ့ရှိခဲ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားပါ။ တိုင်းရဲတပ်ဖွဲ့က အချိန်မီ ဒီလူဆိုး လူမိုက်တွေကို ဝင်ဖမ်းဆီး အရေးယူသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ရန်ကုန်မြို့တော် အတွင်းရှိ ကြေးစားလူဆိုး လူမိုက်ဂိုဏ်းများဖွဲ့ကာ ပြစ်မှုကျူးလွန်နေသူများ အနက် နိုဝင်ဘာလ ၂၃ ရက် ညပိုင်းက လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်မှ အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ဆက်ကြေး တောင်းနေသူများကို ဖမ်းမိခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်ပတ်ကျော်က မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အုပ်စုဖွဲ့ ဓားလွတ်များ ကိုင်ဆောင်ကာ ရမ်းကားခဲ့သူများကို လှိုင်သာယာမြို့နယ်အတွင်း ဖမ်းဆီးရမိရာမှ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“လူမိုက်ဂိုဏ်း အများစုက လှိုင်သာယာနဲ့ သာကေတမှာ ရှိတယ်လို့ သတင်းရတယ်၊ လက်ရှိ ရဲတပ်ဖွဲ့က လူမိုက်အဖွဲ့တွေကို ဖမ်းဆီး အရေးယူနေပေမယ့် သမ္မတရုပ်ရှင်ရုံမှာ ဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့ ရိုက်ပွဲက လူတွေနဲ့ ပြီးခဲ့တဲ့ သုံးရက်က ကြည့်မြင်တိုင် ဘူတာမှာ ဓားကိုင်ရမ်းကားခဲ့တဲ့ လူမိုက်အဖွဲ့ကို အခုထိ မဖမ်းမိသေးဘူး။ ဂိုဏ်းခေါင်းဆောင်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်မှ ဒီကြေးစား လူမိုက်ဂိုဏ်းအဖွဲ့က ရန်ကုန်မှာ ပပျောက်သွားမှာ” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

The Voice Weekly

No comments: