Thursday, October 31, 2013

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံဖွင့်လှစ်


Thursday, October 31, 2013

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရင်စစ်အစိုးရ လက်ထက်တုန်းကလို အပစ်အခတ်ရပ်စဲရေးအဆင့်နဲ့သာ ပြီးဆုံးသွားတာမျိုး မဖြစ်စေချင်ကြောင်း ကေအိုင်အိုဥက္ကဌလည်းဖြစ် UNFC ခေါ်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့စတင်ကျင်းပတဲ့ တိုင်းရင်း သား လက်နက်ကိုင်ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ညီလာခံမှာ ကေအိုင်အို ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ပြောကြားလိုက်တာပါ။

“လက်ရှိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ ကြိုးပမ်းလာတဲ့ လုပ်ရပ်များအနက် ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်ကမ်းလှမ်းခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်၊ ပြည်တွင်းမှာရော ပြည်ပမှာပါ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ပြီး ယုံကြည်ထောက်ခံမှုရအောင် ကြိုးပမ်းနေတာကို လည်း တွေ့ရပါတယ်၊ ဒီနေရာမှာ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးဟာ အဓိကဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ် များက ပြုလုပ်ခဲ့တဲ့ ဘယ်ကိုမှမရောက်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လမ်းဆုံးခဲ့တဲ့ သင်ခန်းစာများကိုလည်း မမေ့လျော့ကြဖို့ သတိပေးချင်ပါတယ်”

ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း အခုလိုအချိန်ခါမျိုးမှာ တိုင်းရင်းသား အခွင့် အရေးတွေအတွက် ဆက်လက်ကြိုးစားဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

တချိန်တည်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လိုင်ဇာဆွေးနွေးပွဲ အောင်မြင်စေလိုကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

၃ ရက်ကြာကျင်းပမယ့်ညီလာခံမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား အဖွဲ့တွေရဲ့ ဘုံသဘောထားတစ်ခု ပေါ်ထွက်လာဖို့ ဆွေးနွေးနေတာလို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲကို ကေအိုင်အို၊မွန်ပြည်သစ်ပါတီ ၊ကရင်အမျိုးသားအစည်းအရုံး၊ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီစတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်း ၁၇ ဖွဲ့တက်ရောက်နေပေမယ့် UWSA ခေါ် ၀ နဲ့ မိုင်းလား အဖွဲ့ တွေကတော့ တက်ရောက်ခြင်း မရှိပါဘူး။

KNU ကရင်အမျိုးသား အစည်းအရုံး ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ ပူးပေါင်းရေးဆွဲထားတဲ့ အပစ်အခတ် ရပ်စဲမှုဆိုင်ရာမူကြမ်းနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့  လိုင်ဇာ တိုင်းရင်းသားညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး နိုင်ဟံသာက ခုလိုပြောပါတယ်။

“KNU နဲ့ RCSS သူတို့ကတော့ အစိုးရကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းထားတဲ့ကိစ္စတွေကို ရှင်းပြတယ်၊ နောက် ကျနော်တို့ UNFC ကတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အဖွဲ့အားလုံးရဲ့ အမြင် သဘောထား၊ ဒါကဘာ့ကြောင့်ဖြစ်လာတာလဲ၊ ဒါကအလားအလာကောင်းလား မကောင်းလားစသဖြင့် သုံးသပ်မှု၊ နောက် UNFC အနေနဲ့ပေါ့ဗျာ ဘယ်လိုလုပ်ရင်ကောင်းမလဲ ကျနော်တို့ရဲ့ အခြေခံအချက် အလက်တွေပေါ့ဗျာ၊ ကျနော်တို့ရပ်တည်ချက်တွေကို ကျနော်တို့ကတင်ပြတယ်၊ ဒါကဆုံးဖြတ်ချက်မကျ သေးဘူးလေ”

လိုင်ဇာညီလာခံကို လာမယ့် နိုဝင်ဘာလ ၁ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာလအတွင်းမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ ပါဝင်မယ့်အချက် တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ရောက်ရှိ ဆွေးနွေးနေကြတာပါ။

RFA Burmese

No comments: