ရန်နိုင်(မြစ်မခ)
ဇွန်(၁၅)ရက်၊၂၀၁၂ခုနှစ်။
ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင်နှစ်ရက်တိုင်လေပြင်းများတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအတွက် နေရာထိုင်ခင်းများသို့ မိုးရေများဝင်ရောက်ကာ အခက်အခဲများနှင့်ကြုံတွေ့နေရသည်။
“မိုးဆက်တိုက်ရွာနေတာ နှစ်ရက်ရှိပြီ။ မိုးတင်မဟုတ်ဘူး လေပါလာတော့ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိကြတော့ လူတွေကို မိုးစိုကုန်တယ်။ ပြီးတော့အစားအသောက်အတွက်လည်း မလုံလောက်တော့ ဒုက္ခရောက်နေကြတယ်”ဟု ရခိုင်ပြည်နယ်
စစ်တွေဒေသခံတစ်ဦးက ပြောသည်။
သက်ဆိုင်ရာမှ ဒုက္ခသည်များထားရှိရာ ကယ်ဆယ်ရေးစခန်းများသို့စားနပ်ရိက္ခာများ သွားရောက်ပို့ရန်အတွက် စီစဉ်ထားသော်လည်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သွားလာရန် အခက်အခဲဖြစ်နေကြောင်းကိုလည်းသိရှိရသည်။
ထို့အပြင် စစ်တွေမြို့ရှိ အချို့သောဒုက္ခသည်စခန်းများသို့ အစားအသောက်နှင့်ထောက်ပံ့ပစ္စည်းများ မရောက်ရှိသေးကြောင်းနှင့် ဘုန်းကြီးကျောင်းများရှိဆရာတော်များနှင့် ရပ်ရွာတွင်းရှိ အလှုရှင်များကအကြမ်းဖက်မှုဖြစ်ပွားရာနေရာများမှ ရှောင်တိမ်း လာကြသော ဒုက္ခသည်များအားစောင့်ရှောက်လျက်ရှိသည်။
“ဘုန်းကြီးတွေကပဲ ကျွေးနေကြတာ၊ ဒုက္ခသည်တွေကများတော့ နေရာထိုင်ခင်းကမလောက်ဘူးလေ။ မိုးရွာတော့ အမိုးအကာ အပြင်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေအကုန်မိုးရေတွေစိုပြီး ဒုက္ခရောက်ကုန် ကြတာပေါ့”ဟု စစ်တွေမြို့နယ်သံဃနာယအဖွဲ့ဝင် ဆရာတော်တစ်ဦးက ပြောသည်။
တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သောဆူပူအကြမ်းဖတ်မှုများကြောင့် လူဦးရေများစွာ အိုအိမ်မဲ့ဖြစ်ခဲ့ရပြီး
နိုင်ငံတော်အစိုးရနှင့် အခြား အဖွဲ့အစည်းများ အလှုရှင်များမှ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရာနေရာများသို့ အစားအသောက်နှင့်
အခြားထောက်ပံ့မှုများ သွားရောက် ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။
ထို့ပြင် စစ်တွေမြို့နှင့် အနည်းငယ်အလှမ်းဝေးသောဂွိုင်လာသဲချောင်းကျေးရွာ၊ ခေါင်းတကာကျေးရွာ၊ သဲချောင်း အုန်းတောကျေးရွာ၊
အောင်မင်္ဂလာကျေးရွာနှင့် သက်ကယ်ပြင်ကျေးရွာတို့တွင် မွတ်စလင် ဒုက္ခသည်များရောက်ရှိနေကြောင်းနှင့် ၎င်းတို့အနေဖြင့် အထောက်အပံ့အကူအညီများလိုအပ်နေသည်ဟု ဒေသခံများကဆိုသည်။
“အခုချိန်အထိ ဘာအကူအညီ အထောက်အပံ့မှ မရသေးပါဘူးဗျာ။ကျွန်တော်တို့ဆီမှာလည်း ဒုက္ခသည် ငါးထောင်ကျော် ရှိနေတယ်။ သူတို့ကစစ်တွေမြို့တို့ ပြီးတော့ အခြားအဓိကရုဏ်းဖြစ်တဲ့ နေရာတွေကနေရောက်လာကြတာ”ဟု စစ်တွေမြို့နယ် ဂွိုင်လာတင်ကျေးရွာမှဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှစိန်က ပြောသည်။
ရခိုင်ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်မျာအရ ဇွန်လ (၈) ရက်နေ့မှ (၁၃)ရက်နေ့အထိရခိုင်လူမျိုးတို့ ၏နေအိမ် (၁၁၉၂)လုံး နှင့် မွတ်စလင် တို့၏အိမ်(၁၃၃၆)လုံး စုစုပေါင်း (၂၅၂၈) လုံး၊ ဗလီ (၇ ) လုံး၊ ဘုန်းကြီးကျောင်း (၉)ကျောင်း၊ စာသင်ကျောင်း (၁) ကျောင်းတို့ အား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။ ထို့ပြင် လူသေဆုံးမှု စာရင်းများအရ ရခိုင်လူမျိုး (၁၃)ဦးနှင့်မွတ်စလင်(၁၆) ဦး သေဆုံးခဲ့ ပြီး၊ ရခိုင်လူမျိုး (၁၆) ဦးနှင့်မွတ်စလင် (၂၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

http://www.thithtoolwin.com/2012/06/blog-post_9556.html မှကူးယူဖော်ပြသည်။

No comments:
Post a Comment