Saturday, June 16, 2012

အခြေအနေအေးချမ်းစေပြီး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ဟု နှစ်ဖက် အဖွဲ့အစည်းခေါင်းဆောင်များကို တိုက်တွန်း

ဇွန်လ ၁၄ ရက်၊ ၂၀၁၂၊ YPI

အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးယာယီတာဝန်ခံ မစ္စတာ မိုက်ကယ် သာစတန်သည် မွတ်ဆလင်နှင့် ရခိုင်ပါတီခေါင်းဆောင်များနှင့် သီးခြားစီ ယနေ့ တွေ့ဆုံပြီး လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ အေးချမ်းသွားစေရန် တိုက်တွန်းကာ ယင်းဖြစ်ရပ်များအပေါ် စိုးရိမ်လျှက်ရှိကြောင်း တွေ့ဆုံမှု အပြီး ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။

ယခုလောလောဆယ်တွင် သက်ဆိုင်ရာ အုပ်စုအဖွဲ့အစည်းတိုင်း အေးချမ်းစွာရှိဖို့ လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန်လည်း လိုအပ်လျှက်ရှိကာ တွေ့ဆုံဆွေးနွေးဖို့ရာ ပထမဦးဆုံး အနေဖြင့် အခြေအနေ တည်ငြိမ်အေးချမ်းမှ ဖြစ်နိုင်မည် ဟု သံရုံးယာယီတာဝန်ခံက ပြောဆိုခဲ့သည်။
သံရုံးယာယီတာဝန်ခံနှင့် ယနေ့ တွေ့ဆုံရာတွင် ရခိုင်အမျိုးသားများ ဘက်မှ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်နှင့် ဦးသိန်းရွှေ ၊ မွတ်ဆလင်အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ဋ္ဌာနချုပ်၊ အိုလမာ အစ္စလာမ့်သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီဋ္ဌာနချုပ်၊ မြန်မာမွတ်ဆလင် လူငယ်များ (ဘာသာရေး)အဖွဲ့ နှင့် မြန်မာမူဆလင်အမျိုးသားရေးရာ အဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ပါဝင်ကြသည်။

ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းအများအပြားမှာ ယခုမငြိမ်မသက်မှုကြောင့် ဒုက္ခခံစားနေကြရကြောင်း ပြည်သူလူထု၏ မည်သည့် ဆန္ဒဖေါ်ထုတ်မှုမဆို ငြိမ်းချမ်းစွာပင် ဖြစ်သင့်ကြောင်းလည်း သံရုံးယာယီတာဝန်ခံ က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာအစိုးရအနေဖြင့်လည်း ပွင့်လင်းမြင်သာမှုရှိပြီး မြန်ဆန်သည့် စုံစမ်းစစ်ဆေးရေး တစ်ရပ်ကို လုပ်ဆောင်သွားရန် အမေရိကန်နိုင်ငံအနေဖြင့် အားပေးတိုက်တွန်းကြောင်းလည်း မစ္စတာမိုက်ကယ် သာစတန်က ဖေါ်ပြပြောဆိုထားသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် အကြမ်းဖက်မှုကြောင့် မငြိမ်မသက်မှုကြောင့် ဒုက္ခခံစားနေရသူများအား အကူအညီပေးအပ်ဖို့ ယခုရက်ပိုင်း နေပြည်တော်သို့ရောက်ရှိစဉ် အမေရိကန် သံရုံးယာယီတာဝန်ခံက မြန်မာအစိုးရအာဏာပိုင်များအား ကမ်းလှမ်းခဲ့ကြောင်းလည်း ကြေညာချက် အရ သိရှိရသည်။

ယခင်သီတင်းပတ် သောကြာနေ့တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့သည့်နောက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ကြေညာချက် ၃စောင် ထုတ်ပြန်ခဲ့သည်။

ပထမကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေးဋ္ဌာနမှ ဗစ်တိုးရီးယား နူးလန်က ထုတ်ပြန်ပြီး ဒုတိယကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်များ ထုတ်ပြန်အပြီး ရက်ပိုင်းအတွင်း သံရုံးယာယီတာဝန်ခံက နှစ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လတ်တလော ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကြောင့် ယမန်နေ့ထိ သေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၈ ဦး၊ လူနေနအိမ် ၂၅၂၈ လုံး၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး နှင့် စာသင်ကျောင်း `၆ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ 
http://www.thithtoolwin.com/2012/06/blog-post_732.html  မှကူးယူဖော်ပြသည်။

No comments: