ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနားတ၀ိုက်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို အစိုးရနဲ့ငြိမ်းချမ်းရေး ရယူထားတဲ့ SSA (၀မ်ဟိုင်း)အဖွဲ့တစ်ဖွဲ့က ငွေကြေးတောင်းခံနေတယ်လို့သိရပါတယ်။ ဒီအဖြစ်အပျက်ဟာဇွန်လ ၁၄ ရက်နေ့က စတင်ဖြစ်ပျက်ခဲ့ပြီး အဲဒီလမ်းခရီးမှာ သွားလာနေတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို စုံစမ်းကြည့်တဲ့အခါမှာ သူတို့အနေနဲ့ မော်တော်ယာဉ်(၁)စီးကို ငွေကျပ်(၄)သိန်းပေးခဲ့ရတယ်လို့ပြောပါတယ်။ SSA (၀မ်ဟိုင်း)အဖွဲ့က ကောက်ခံ တဲ့ ငွေတွေကိုတော့ တော့ဆန်ကျေးရွာမှာ နေထိုင်တဲ့ ဦးဘသိန်းကို ပေးခဲ့ရတယ်လို့လဲ ပြောပါတယ်။
ကျောက်မဲ ဇွန် ၂၀
ဇွန်လ(၁၆)ရက်နေ့မှာ SSA(၀မ်ဟိုင်း)အဖွဲ့တပ်ရင်း(၁)နယ်မြေက အမှတ်(၁၈)မှလုပ်ငန်းတာဝန်ခံ စိုင်းအောင်မိန်း လက်မှတ်ရေးထိုးပြီး ပန်စံရွာသူကြီးထံ ပေးပို့ခဲ့တဲ့စာထဲမှာလည်း လက်ဖက်စက်ရုံ(၁)ရုံကိုငွေ ကျပ်သိန်း(၃၀) ပေးဆောင် ရမယ်၊ ပြီးတော့ကုန်သည်ပွဲစားတွေဆီကလည်း ငွေကောက်ခံပြီး ဇွန်လ(၁၇)ရက်နေ့ အရောက်လာရောက်ပေးရမယ်လို့ ရေးထားပါတယ်။ ဒီလိုမျိုးတောင်းခံနေတာတွေဟာ အရင်တုန်းက SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပေမဲ့ အခုခါမှာတော့ အစိုးရနဲ့ငြိမ်းချမ်းရေး ယူထားတဲ့ အချိန်ကာလမှာ ပြည်သူလူထုထံက ငွေကြေးကောက်ခံတာဟာ ဥပဒေ ညီတဲ့လုပ်ရပ်မဟုတ်တော့ပါဘူး။လက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ပြည်သူအပေါ် အနိုင်ကျင့်နေတာနဲ့ အတူတူပါဘဲ။
ပန်စံကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်နိုင်ကတော့ “ဒီလိုမျိုးလုပ်ရပ်တွေဟာ တရားဥပဒေနဲ့မညီညွတ်တဲ့ အတွက် တရားဥပဒေအရ အရေးယူပေးဖို့” ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးထံ လာရောက် တင်ပြခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကလဲ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ခရိုင်အဆင့်၊ တိုင်းအဆင့် တာဝန်ရှိ သူတွေထံ ဆက်လက်တင်ပြခဲ့သလို လားရှိုးမြို့မှာ ဖွင့်လှစ်ထားတဲ့ SSA အဖွဲ့ရဲ့ဆက်ဆံရေးတာဝန်ခံ စိုင်းကျော်ဝင်းကို လဲ အသိပေးခဲ့ပါတယ်။ ဒေသခံ လူထုတွေကတော့ ဒီလိုငွေကြေးကောက်ခံနေတာနဲ့ ပတ်သက်လို့SSA(၀မ်ဟိုင်း)အဖွဲ့ အပေါ် ပြင်းထန်ထန်အရေးယူပေးဖို့နဲ့ ဆက်ကြေးတာဝန်ခံဖြစ်တဲ့ တော့ဆန်ရွာသား ဦးဘသိန်းကိုလဲ ဖမ်းဆီးအရေးယူဖို့ တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် SNLD ပါတီဝင်တစ်ဦးပြောဆိုတာကတော့ “ဒီမိုကရေစီခေတ်မှာ ဒီလိုမျိုး ဆက်ကြေး ပေးရတာတွေ၊ လူထုကိုအတင်း အဓမ္မစေခိုင်းတာတွေ မရှိသင့်ပါဘူး။ သျှမ်းအမျိုးသား အချင်းချင်း လက်နက်ကိုင် ပြီးခေါင်းပုံဖြတ်တဲ့ ဟိုတုန်းက အယူအဆတွေကို ဖျောက်ပစ်ဖို့ လိုနေပါပြီ“ လို့ ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment