Monday, July 23, 2012

ရှပ်ပြေးရေယာဉ် နစ်မြုပ်မှု နောက်ဆက်တွဲ အခြေအနေ


       ဇူလိုင်လ ၂၀ ရက်နေ့က တာပိန်မြစ်ထဲ နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဆယ်ယူဖို့ ဒီကနေ့ ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပြီး၊ အခုနောက်ဆုံး ရရှိတဲ့သတင်းအရ ဗန်းမော် တက္ကသိုလ် ဘူမိဗေဒဌာနက အသက် ၂၈ နှစ် အရွယ် နည်းပြတစ်ဦး၊ ကျောင်းသား နှစ်ဦး၊ မန်စီရွာက အမျိုးသမီး တစ်ဦး အပါအဝင် အလောင်း (၆) လောင်းကို ဆယ်ယူနိုင် ခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းအချို့ဟာ မြစ်အောက် ဘက်မှာ ရှိတဲ့ စင်းခန်း၊ ရွေကူ၊ ကသာဘက်ကို မျောပါသွားတယ်လို့ ဒေသခံတစ်ဦးက KDN ကိုပြောပါတယ်။

             သေဆုံးသူတွေထဲမှာ ဗန်းမော် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က ဗန်းမော်ခရိုင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ထက်ဝေစိုးနဲ့ အလုပ်အမှုဆောင် ထွန်းသီဟစိုး တို့လည်း ပါရှိသွားကြောင်း ဗကသ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ အဲဒီ ရှပ်ပြေးရေယာဉ်ပေါ်မှာ လက်မှတ်မဲ့၊ လက်မှတ်ရှိ ခရီးသည် တစ်ရာကျော် အပါအ၀င် ဘိလပ်မြေ အိတ် ၃၀၊ ဆိုင်ကယ် အစီး ၃၀ နဲ့ ဓါတ်မြေသြဇာ စတဲ့ ကုန်ပစ္စည်းတွေကိုပါ မတန်တဆ တင်ဆောင်ခဲ့တဲ့ အတွက် အခုလို တိမ်းမှောက် ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ရေယာဉ်မောင်းဖြစ်သူ ဦးချစ်သဲ က ဗန်းမော်မြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ် လို့လည်း သိရပါတယ်။

No comments: