Thursday, August 09, 2012

လူ့အဖွဲ့အစည်း ရသင့် ရထိုက်သော အခွင့်အရေးများ ကာကွယ်စောင့်ရှောက် သွားမည် ဟု တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လူ့အဖွဲ့ အစည်း မှ ရသင့် ရထိုက်သော အခွင့်အရေးများ ကို ကာကွယ် စောင့်ရှောက်သော ပုံစံဖြင့် ကိုင် တွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

 “တရား ဥပဒေ စိုးမိုးရေး ထဲမှာ မီဒီယာ အတွက်လည်း ပါတယ်။ အဲဒီ အထဲမှာ အားလုံးအတွက် လည်း ပါ တယ်။ တချို့က ဥပဒေ ဆိုတာ လူ့အဖွဲ့အစည်း ကို ထိန်းချုပ်ဖို့ ထင်ကြတယ်။ အန်တီ ကတော့ ဒီလိုမယုံ
ကြည် ဘူး။ ဥပဒေ ဆိုတာ လူ့အဖွဲ့အစည်း ကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ လူ့အဖွဲ့အစည်း က ရသင့်ရထိုက် တဲ့ အခွင့်အရေး ကို ဒီပုံစံ နဲ့ပဲ လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သြဂုတ်လ ၇ ရက် က ကျင်းပသော ပြည်သူ့လွှတ်တော် ၂၁ ရက်မြောက်နေ့ အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူ့လွှတ်တော် မှ အဆိုပါ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ကာ အတည်ပြု ခဲ့ပြီး ဒီချုပ်ပါတီဝင် ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်) ကိုပါ အတွင်းရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေး ခဲ့ သည်။

ယင်းကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (သင်္ဃန်းကျွန်း မဲဆန္ဒနယ်) ကိုပါ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ ယင်းကော်မတီ၏ တာဝန်များတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း မီဒီယာနှင့် သက်ဆိုင်သူ အားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ ဆောင်ရွက်နိုင်ရန် တိုက်တွန်း
ခြင်း၊ နှိုးဆော်ခြင်း၊ ထိန်းညှိကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း များ က ကျင့်သုံးလျက်ရှိသော ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသော အကြောင်း ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ရှောက် ထိန်းညှိပေး ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။

ယင်းကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း လွှတ်တော်က သတ်မှတ်ထားကာ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၇ တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: