တိုင်းရင်းသားရေးရာ
ဝန်ကြီးများ၏ အဆောင်အယောင်များနှင့် ခံစားခွင့်များကို
စတင်ရရှိပြီဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီး အချို့ထံမှ
သတင်းရရှိသည်။ စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော်သမ္မတနှင့်
တိုင်းရင်းသားရေးရာဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီးနောက်
တိုင်းရင်းသားရေးရာဝန်ကြီးများ၏ အဆောင်အယောင်များကို
တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။
“လစာကိစ္စကတော့ ကျွန်တော်တို့ကို ဘာမှ မပြောသေး ဘူး။ အခုက ခုံရုံးက ဆုံးဖြတ်ပေးတဲ့အတိုင်း ကျွန်တော်တို့ကို တခြားဝန် ကြီးတွေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးများနဲ့တန်းတူ အဆောင်ယောင်တွေ ပေးတာပါ။ အားလုံးဟာ ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့။ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေက အတည်မဖြစ်သေး ဘဲ ဆွေးနွေး ဆဲဆိုတော့ အရင်အတိုင်းပါပဲ။ ကက်ဘိနက်ကတော့ ၀န်ကြီးချုပ်ကခေါ်ရင် တက်ခွင့်ရှိပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၀န်ကြီး ဦးသက်ဝင်းကပြောသည်။
သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ
တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအား တစ်ဦးလျှင် SUB Landmark ကားတစ်စီးစီ
သမ္မတရုံးမှ တိုက်ရိုက်ပေးအပ်လိုက်ကြောင်း
တိုင်းရင်းသားရေးရာဝန်ကြီးအချို့က ပြောသည်။ “ကားတွေ ချီးမြှင့်ငွေတွေ
ကတော့ရပြီ။ လစာကတော့ ဒီလကုန်ရင် တိုးပေးမယ် ပြောတယ်။ အိမ်မရှိရင်လည်း
အိမ်လခပေးမယ် ပြောတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ၀န်ကြီးဦးနိုထန်ကပ်က ပြောကြားသည်။
တိုင်းရင်းသားရေးရာ ၀န်ကြီးများအား အဆောင် အယောင် များ တိုးမြှင့်ရာတွင်
ယခင်က ပေးအပ်ခြင်းမရှိသည့် နေထိုင်ရန် အိမ်များပါ ပေးအပ် မည်ဖြစ်ကြောင်း၊
အိမ်မရှိပါက အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့တွင် နေထိုင်နိုင်ရန်အတွက်
အိမ်ငှားရမ်းခကိုပါ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဆွေ ကပြောသည်။ ဒေါက်တာအေးမောင်
အပါအ၀င် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးတို့က ၂၀၁၁ တွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့
တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသော
အဆောင်အယောင်ဆိုင်ရာ ဥပဒေများသည် အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ
အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းလွှာပေးပို့ခဲ့သည်။ အဆိုပါ တင်သွင်းလွှာကို
အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တိုင်းရင်းသားရေးရာ
ဝန်ကြီးများ၏ ခံစားခွင့်များ သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
အခြားဝန်ကြီးများနှင့် ခံစားခွင့်မတူညီမှုမှာ အခြေခံဥ ပဒေနှင့်
ညီညွတ်မှုမရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဆုံးဖြတ်ခဲ့သည်။
၎င်းဆုံးဖြတ်ချက်အရ မိမိတို့၏ ခံစားခွင့်များကို
တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က မိမိတို့ တိုင်းရင်းသားရေးရာ
ဝန်ကြီးများအား အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့တွင် နေထိုင်ရန် အိမ်ရာများ
ပေးထားခြင်း မရှိသဖြင့် မူလနေထိုင်ရာမြို့တွင်သာ နေထိုင်ရပြီး
အကြောင်းကိစ္စရှိမှသာ ရုံးစိုက်ရာမြို့သို့ လာရောက်ရသဖြင့် အခက်ခဲများ
ကြုံတွေ့ရကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးအချို့က ပြောသည်။
တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍
ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော် တွင်
ဆွေးနွေးလျက်ရှိရာ ပြီးပြတ်မှုမရှိသေးကြောင်း၊ ၎င်းဆွေးနွေးမှု ပြီးစီးမှသာ
လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း
ဦးသက်ဝင်းကပြောသည်။
Myanmar Express
Myanmar Express
No comments:
Post a Comment