Friday, October 18, 2013
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ကျောင်းသား/ ကျောင်းသူတွေကို မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက
ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန်
ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး
စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊
မိုးယုစံကို လည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။
ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း
နေ့ချင်းပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ
ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။
UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာအပြည့်အစုံကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့မေတ္တာရပ်ခံလွှာ" ၊
၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -
" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ... -
ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။
မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။
- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကို ဖြေကြားလိုပါသည်။
ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။
ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊
အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ
အခမဲ့ကူညီပါသည်။
ကျန်ကုန်ကျစရိတ်များကို
မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး
လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။
ထို့အပြင်
ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ
ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေးကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ
လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီး ဖြစ်ပါသည်။
- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြုထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍စေတနာဖြင့် လာရောက် ကူညီပေး နေသူများဖြစ်ကြပါသည်။
ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက် ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။
ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကိုနိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။
မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ်
မိုက်ရိုင်း၊ ဆိုးသွမ်းနေသူ ဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??
မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??
မည်သည့်ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း??
မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??
မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊
မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊
ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊
စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊
မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊
မီဒီယာ အချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ
တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက်ကိုနားလည် သဘောပေါက်ပါသည်)။
မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါ
မည်သည့်ဖြေရှင်းချက်မျှလည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း
တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ်
ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။
ယခု ပရိသတ်
၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ
ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊
မိမိက ကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ -
မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်)ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။
မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများနှင့်ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီး အဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။
မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီ ဖြစ်၍ မိမိနှင့် ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook
စာမျက်နှာများပေါ်တွင် အချင်းချင်းဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ
အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊
နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။
ဖိုးလပြည့် ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။
ဧရာဝတီblog

No comments:
Post a Comment