Thursday, 17 October 2013
ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ အပါအ၀င် နယ်မြို့အချို့တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော
ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့
လာရောက်ရန် စီစဉ်ထားသော နိုင်ငံခြား ခရီးသွားအချို့ ခရီးစဉ်များကို
ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြား
ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများထံမှ သိရသည်။
ထိုကဲ့သို့ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများကို မည်မျှပမာဏအထိ ပြုလုပ်ခဲ့သည် ဆိုခြင်းကိုမူ အတိအကျ မသိရှိရဘဲ နိုင်ငံခြား
ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ အများစုမှာ ယင်းပြဿနာကို ကြုံတွေ့ခဲ့ရ ကြောင်း
သိရသည်။ ထိုသို့ ဖျက်သိမ်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ရာတွင်
တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် မြန်မာနိုင်ငံသို့ လာရောက်ရန်
ကြိုတင်စီစဉ်ထားသူများ အပါအ၀င် အုပ်စုလိုက် လာရောက်ရန် စီစဉ်ထားသူ များလည်း
အများဆုံး ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံခြား
ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုတင် စီစဉ်ထားမှုများကို
ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများ ရှိကြောင်းကို နိုင်ငံခြားခရီးသွား
ဝန်ဆောင်မှု ကုမ္ပဏီများက အတည်ပြု ပြောကြားခဲ့သော်လည်း အတိအကျ
ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ကြသည်။
ဒီလိုဗုံးပေါက်ကွဲမှုကြောင့် လာဖို့ဆုံးဖြတ်ထားတဲ့ နောက်တစ်ရက်၊ နှစ်ရက်နေရောက်ကြတော့မယ့် ဧည့်သည်တွေ၊ နောက်တစ်လ နှစ်လဆို လာကြမယ့်သူတွေ၊ ဘွတ်ကင် လုပ်ထားတဲ့သူတွေလည်း ဖျက်သိမ်း လိမ့်မယ်။ သူတို့
လာမယ်ဆိုရင်တောင် သူတို့ မိသားစုတွေ၊ မိတ်ဆွေတွေက ၀ိုင်းတားကြမှာပဲ . . .
"ဧည့်သည် အနည်းငယ်လောက်က ခရီးစဉ်ကို ဖျက်သိမ်းတာတွေ၊ ရက်ရွှေ့တာတွေတော့
ရှိတယ်။ ခရီးသွား ကုမ္ပဏီတွေကနေ ကြားတာပါ။ ရုပ်ပျက်ဆင်းပျက်တော့
မဖြစ်သေးပါဘူး။ အကြောက်လွန်တဲ့ ခရီးသွား အနည်းငယ် လောက်ပါပဲ။ ဒီလိုမျိုး
ဖြစ်နေတာတွေ ရပ်တန့် သွားမယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်းက ဆိုးဆိုးဝါးဝါး
ထိခိုက်မှု မရှိနိုင်ပါဘူး" ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ
ဦးဇော်ဝင်းချိုက ပြောကြား သည်။
သို့သော် ယခုဖြစ်ပွားခဲ့သော
ဖြစ်စဉ်များက လာမည့်ခရီးသွားရာသီတွင် နိုင်ငံခြားခရီးသွား နှစ်သန်း
လာရောက်ရေး မျှော်မှန်းချက်ကို ထိခိုက်နိုင်ကြောင်း ခရီးသွားလုပ်ငန်း
နယ်ပယ်မှ ကျွမ်းကျင်သူများကပြော ကြားခဲ့ကြသည်။
"ခရီးသွားလုပ်ငန်းကို အဓိက ထိခိုက်တာပေါ့။ ကုန်သည်ကြီးများ ဟိုတယ်လို
လုံခြုံမှုဖြစ်ရမယ့် ဟိုတယ်ကြီး တစ်ခုရဲ့ ဟိုတယ် ရေချိုးခန်းထဲအထိပေါက်ကွဲမှု ဖြစ်တယ်ဆိုတော့ ဒါကခရီးသွားတွေအတွက် စိုးရိမ်စရာပါပဲ။ ဘယ်သူမှ
ကိုယ့်အသက် အန္တရာယ်ရှိတဲ့ခရီးကို လာလည်မှာ မဟုတ်ပါဘူး။ အခုတောင်
မန္တလေးဘက်ကို ရောက်နေတဲ့ ဧည့်သည်တွေက ရန်ကုန်မှာ ဖြစ်တယ်ကြားလို့ မန္တလေး
လေဆိပ်ကနေ တိုက်ရိုက်ပြန်သွား တယ် ကြားတယ်။ ဒါတောင် ကျွန်တော်တို့
သတင်းရလိုက်လို့ပါ။ တခြား ဟိုတယ်တွေမှာလည်း ဒီလိုပဲရှိမှာပဲ။ F.I.T တွေလည်း
ပြန်သွားတာတွေ ရှိမှာပဲ။ ဒီလို ဗုံးပေါက်ကွဲမှုကြောင့် လာဖို့
ဆုံးဖြတ်ထားတဲ့ နောက်တစ် ရက်၊နှစ်ရက်နေ ရောက်ကြတော့မယ့် ဧည့်သည်တွေ၊ နောက်တစ်လ၊ နှစ်လဆို လာကြမယ့်သူတွေ၊ ဘွတ်ကင်လုပ်ထားတဲ့ သူတွေလည်း ဖျက်သိမ်းလိမ့်မယ်။ သူတို့ လာမယ်ဆိုရင်တောင် သူတို့မိသားစုတွေ၊ မိတ်ဆွေတွေက
ဝိုင်းတားကြမှာပဲ။ ဒီတော့ ခရီးသွား လုပ်ငန်းကို ထိခိုက်လာမှာပဲ။
ခရီးသွားလုပ်ငန်းမှ မဟုတ်ဘူး။ အကုန်လုံး ဆက်စပ်ပြီး ထိခိုက်လာနိုင်ပါတယ်"
ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင်
ဦးအေးကျော်က ပြောကြားသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့်
ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င် ရန်ကုန်မြို့တွင်းရှိ အထင်ကရ ဟိုတယ်များမှ
နိုင်ငံခြား ခရီးသွားများ တည်းခိုရာ ဟိုတယ်မှ ထွက်ခွာပြီး
နေရာရွှေ့ပြောင်းခြင်း၊ ခရီးစဉ်ကို အဆုံးသတ်ပြီး နေရပ်ပြန်ခြင်းများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ ဟိုတယ် များက အတည်ပြု ပြောကြားခဲ့ခြင်း မရှိပေ။
"ကျွန်မတို့ ဟိုတယ်မှာတော့ ဒီရက်ပိုင်းမှာ ဧည့်သည်က အစောကြီး
ထွက်သွားတာတို့၊ ဟိုတယ်အခန်းကို ဖျက်သိမ်းတာတို့တော့ မရှိပါဘူး။
ပုံမှန်ပါပဲ။ ဟိုတယ် လုံခြုံရေးအတွက် စစ်ဆေးတာတွေကိုတော့ နည်းနည်း
ပိုတင်းကျပ် ထားတာပေါ့။ အရင်က တစ်ယောက်တည်း စစ်ဆေးတာကနေ အခု ပိုတင်းကျပ်
ထားပါတယ်" ဟု ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ထို့အတူ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်
ကုန်သည်ကြီးများ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးကလည်း လက်ရှိတွင် နိုင်ငံခြား
ခရီးသွား ဧည့်သည်မှာ ပုံမှန်အတိုင်း ၀င်ထွက်မှုသာရှိပြီး လုံခြုံရေးကိုလည်း
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်နေကြောင်း ပြောကြားသည်။
၂၀၁၃ စက်တင်ဘာလအထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ၀င်ရောက်မှုမှာ ပထမဆုံးအဖြစ် ငါးသိန်းနီးပါး
စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် ခရီးသွား ၂၀၀၀ နီးပါး
ရန်ကုန်လေဆိပ်မှ ၀င်ရောက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
ထိုသို့
ခရီးသွားအခြေအနေ တိုးတက်မှုကြောင့် ယခုနှစ် ခရီးသွားအ၀င်ကို နှစ်သန်း နီးပါး
ဝင်ရောက် နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ခန့်မှန်းထားရာ
ယခုကဲ့သို့ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေပါက ခရီးသွားလုပ်ငန်းကို
ဆိုးဆိုးရွားရွား ထိခိုက်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့ အပါအ၀င် နယ်မြို့အချို့၌ ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များမှာ အောက်တိုဘာ ၁၁ ရက်တွင် တောင်ငူမြို့ရှိ
ချမ်းမြေ့ဧည့်ရိပ်သာတွင် လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့
စော်ဘွားကြီး ကုန်း အဝေးပြေးဝင်းရှေ့တွင် လည်းကောင်း၊ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေးတွင် လည်းကောင်း၊
အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် လည်းကောင်း၊
အောက်တိုဘာ ၁၅ ရက်တွင် စစ်ကိုင်းမြို့ရွှေပြည့်စုံ ဟိုတယ်နှင့် ဆွမ်းဦးပုညရှင်ဘုရား အ၀င်ယာဉ်ရပ်နား ၀င်းအနီးတို့တွင် ဖြစ်သည်။
eleven media group

No comments:
Post a Comment