Wednesday, October 30, 2013

ကော်ဖီနေ့စဉ် သောက်ခြင်းဖြင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်


Wednesday, October 30, 2013

ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျော့ပါးစေကြောင်း သုတေ သီများက သုံးသပ် ပြောကြားလိုက်သည်။

ကော်ဖီသည် ရေရှည်တွင် ဆီးချိုရောဂါကို အဟန့်အတား ဖြစ်စေကြောင်းဖော်ထုတ်တွေ့ရှိပြီး ဖြစ်သလို ယခုအခါ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ညွှန်ကိန်းများကို သိသိသာသာ ကျဆင်းစေသည့် အာနိသင်လည်း ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ 
ကော်ဖီသည် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့် ဓာတ်ကူပစ္စည်းတစ်မျိုးဖြစ်ပြီး အသည်းရွတ် ရောဂါ တားဆီးမှုနှင့် အသည်းအင်ဇိုင်းများကို အားပေးမှုတို့တွင်လည်း အကျိုးကျေးဇူး ဖြစ်စေနိုင်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။ 

တစ်နေ့လျှင် ကော်ဖီ(၃)ခွက်မျှ ပုံမှန်သောက်သုံးခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို (၅၀)ရာခိုင် နှုန်းမျှ လျော့ကျစေကြောင်း သိရှိရသည်။

သုတေသန စစ်တမ်းတစ်ခုက အဖြစ်အများဆုံး အသည်းကင်ဆာ ပုံစံတစ်ခုဖြစ်သည့် hepatocellular carcinoma (HCC)ကို ကော်ဖီပုံမှန် သောက်ခြင်းဖြင့် (၄၀)ရာခိုင်နှုန်းအထက်ထိ တားဆီးဟန့်တားနိုင် ကြောင်း ဖော်ပြခဲ့သည်။ အခြားသုတေသန ရလဒ်တစ်ခုအရမူ ယင်းကဲ့သို့ ဟန့်တားနိုင်ခြေသည် (၅၀)ရာခိုင်နှုန်းထိ အာနိသင်ရှိနေကြောင်း ဖော်ထုတ်တွေ့ရှိနိုင်ခဲ့သည်။ အီတလီတွင် ပြုလုပ်ခဲ့သည့် ယခုသုတေ သန စမ်းသပ်ချက်ကို ဦးဆောင်သည့် ဒေါက်တာ ကာလို လာဗက်ချီယာက "ကျွန်တော်တို့ရဲ့ သုတေသန ရလဒ်ဟာ အရင်တွေ့ရှိချက်တွေကို ခိုင်ခိုင်မာမာထပ်အတည်ပြုနိုင်ခဲ့ပါတယ်။ ကော်ဖီဟာ လူတွေရဲ့ ကျန်းမာ ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် အသည်းအတွက်ပါ"ဟု ပြောကြားခဲ့သည်။

ဒေါက်တာ လာဗက်ချီယာနှင့် စတူဒီ ဒီမီလန် တက္ကသိုလ်၊ ကူးစက်ရောဂါ သုတေသန ဌာနမှ ပညာရှင်များ သည် ကော်ဖီနှင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်နိုင်စွမ်းတို့ကို သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ပညာရှင်များသည် (၁၉၉၆)ခုနှစ်မှ (၂၀၁၂)ခုနှစ် စက်တင်ဘာလအတွင်းကော်ဖီ၏ အာနိသင်ကို စူးစမ်းခဲ့ သည့် သုတေသနပြုမှု (၃၁၅၃)ခုကိုပြန်လည်စီစစ် အဖြေရှာခဲ့ခြင်း ဖြစ်သည်။ 

"ကော်ဖီရဲ့ ရေရှည်သက်ရောက်မှုဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တားဆီးနိုင်ပါတယ်။ နောက်တစ်ချက်က အသည်းရဲ့ အင်ဇိုင်းတွေအတွက်လည်း ကောင်းကျိုးဖြစ်နိုင်တယ်လေ"ဟု ဒေါက်တာ လာဗက်ချီယာက ဆိုသည်။ အဖြစ်များသည့် အသည်းကင်ဆာသည် အသည်းရောင် အသားဝါ (B)ပိုး ကာကွယ်ဆေး ထိုးခြင်းဖြင့် ရှောင်လွှဲနိုင်ခြေ ရှိသည်။ ထို့အပြင် အရက်လျှော့သောက်ခြင်းနှင့် အသည်းရောင် အသားဝါ (C)ပိုး ကူးစက်မှုများ မရှိခြင်းကလည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည့် ညွှန်ကိန်းများဖြစ်ကြသည်။ 

အသည်းကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ဆဋ္ဌမနေရာ၌ ရပ်တည်နေသော ကင်ဆာမျိုးနွယ် ဖြစ်ပြီး အသေအပျောက်အများဆုံး ကင်ဆာရောဂါများစာရင်းတွင် တတိယနေရာ၌ရှိနေကြောင်း သိရှိရ သည်။

Planet Myanmar Network

No comments: