Friday, October 18, 2013
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် တွေ့ဆုံခြင်း
မီဒီယာတွေက ဦးဌေးဦး အပေါ်အာရုံစိုက်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဒါနဲ့ ပတ်သက်လို့ ဖြေရရင် ပါတီမှာဆို ကျွန်တော်က အခမ်းအနားတွေတက်တာများတယ်။ နောက်ပြီး ဂျာနယ်နဲ့ သတင်းစာတွေမှာလည်းဖြေကြားရ တာတွေရှိတယ်။ ဒီတော့ အာရုံစိုက်မှု တွေထဲမှာ တစ်ခုအနေ နဲ့
ပါဝင်တယ်လို့ ထင်တယ်။ ပြီးတော့ အခုအချိန်ကလည်း ကျွန်တော်တို့ပါတီက
ကိုယ်စားလှယ် တွေပါဝင်တဲ့ အစိုးရ ရဲ့ သက်တမ်းက တစ်ဝက်ကျော်လာပြီ။ ရွေးကောက်ပွဲ လည်းနီးလာပြီဆိုတော့ မီဒီယာက သိချင်တာ တွေရှိလာပြီ။ ဒါတွေ စုပေါင်းလိုက်တော့ မီဒီယာရဲ့ အာရုံစိုက်မှုထဲမှာ ပါလာပြီ။
ဒီသဘောလို့ ကျွန်တော်ထင် ပါတယ်။ အခြားအကြောင်းလည်း ရှိချင်ရှိမှာပေါ့။တလောက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တောင် ခုမှ ဖတ်နေရတယ်လို့
ပြောခဲ့တယ်။ ဒါဆို လွှတ်တော်အမတ်တစ်ယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို သေ
ချာမသိဘဲ လွှတ်တော်ထဲဝင်လာခဲ့တယ်လို့ ဆိုနိုင်မလား။
အခုလွှတ်တော်တွေ၊ အစိုးရတွေစပြီး အခြေတည်လာဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လို့ အရင်ပြော ချင်တယ်။ အမျိုးသားညီလာခံကစပြီး
ကျွန်တော်တို့တွေ တစ်လျှောက်လုံး လုပ်လာခဲ့တာ။ ရွေးကောက်ပွဲ ကာလ ပြီးတော့
ကြားဖြတ်ရွေးကောက်ပွဲအထိပဲ။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ
လုပ်လာခဲ့ကြတာ။ ခုနက ပြောသလို ကျွန်တော်တောင်ခုမှ ဖတ်နေရတယ်
ဆိုတဲ့စကားလုံးက စာကျကျန်ခဲ့တဲ့ ကိစ္စ။ ဒါနဲ့ ပတ်သက်လို့ အပြစ်မတင်ပါဘူး။
ကျွန်တော်ပြောချင်တာက ဒီသဘောမဟုတ်ဘူး။ စာတစ်ကြောင်းကိုပဲ ကောက်ပြီးပြော တာက မှန်တယ်လို့ ကျွန်တော်မထင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ပတ်သက်လို့ ရှေ့က ကျွန်တော်ပြောခဲ့ တာတွေနဲ့ ထပ်မံချိန်ထိုးကြည့်ရင်
အမှန်ကို မြင်နိုင်ပါတယ်။ အမျိုးသားညီလာခံကစပြီး ဒီဥပဒေကို မလေ့လာ
ဘဲနဲ့တော့ မရပါဘူး။ အရင်က မလေ့လာဘဲနဲ့ အခု စလေ့လာတယ်ဆိုတာမျိုး မဟုတ်ဘူး။
လူဆိုတာ အမြဲပဲ လေ့လာနေရမယ်လေဗျာ။ မလေ့လာလို့ ဘယ်ရ မလဲ။
လက်ရှိအခြေအနေမှာ ထပ်ခါ ထပ်ခါ လေ့လာနေမှ ပိုပြီး ပြည့်စုံမှာ ပေါ့။ ဒီတစ်ခု
တည်းမှ မဟုတ်ဘူး။ ၁၉၇၄၊ ၁၉၄၇ စတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေပါ လေ့လာတယ်။
ထပ်တလဲ လဲဆိုတော့ ပိုမကောင်းဘူးလား။ ပို ကောင်းတယ်လို့ ကျွန်တော်
ထင်တယ်။ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ပြည်သူတွေကပြောတာ မဖြစ်နိုင်ဘူးလို့
ပြောခဲ့ တော့ ပြည်သူတွေ ဘာမှမသိဘူး။ ဒီလို ပြောဆိုထောက်ပြနိုင်လောက်တဲ့
အမြင်မရှိဘူးလို့ ယူဆ ထားလို့ လား။ ဘယ်လိုအတွက်ကြောင့် ဒီလိုပြောနိုင်တာပါလဲ ခင်ဗျာ။ပြည်သူတွေ အသိဥာဏ်အမြင် မရှိဘူးလို့
လက်ညှိုးထိုးပြောခဲ့ရင်ဒါဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဲပေးခဲ့တဲ့ ၉၂ ဒသမ
၄၈ ရာခိုင်နှုန်းသော ပြည်သူ တွေကို ပြောသလို ဖြစ်နေမှာပေါ့။ ကျွန်တော်ကတော့
ပြည်သူတွေ အသိ ဥာဏ်မရှိဘူးဆိုတာ မယုံပါဘူး။ အသိ ဥာဏ်ရှိကြပါတယ်။ ကျွန်တော်
ပြောခဲ့တဲ့ အဓိပ္ပာယ်တွေကို တစ်လွဲ အမြင် မမြင်စေချင်ဘူး။ ဟုတ်ပြီ။
ပြင်ချင်ကြတယ်။ ကျွန်တော်လည်း နယ်အမြဲဆင်းနေလို့ ကျွန်တော်နယ်တွေသွားတိုင်း
ပြည်သူတွေနဲ့ ထိတွေ့ တဲ့အခါ အမြဲမေး တယ်။
ဘာကိုပြင်ချင်ကြပါသလဲဆိုပြီး ဒီအခါမှာ သိပ်မသိကြတာ။ သိပ်မလေ့လာထားကြတာကို
တွေ့ခဲ့ရတယ်။ ပြည်သူတွေနဲ့ ဥပဒေဆိုတာ နည်းနည်း အလှမ်းဝေးတယ်။ ဆိုလိုတဲ့
သဘောက ဥပဒေထက် အရေးကြီး သော စားဝတ်နေရေး ဒါတွေကို ဖြေရှင်းနေကြရတယ်။
ဒီထဲကမှဝါသနာပါတဲ့သူတွေပဲ လေ့လာနိုင်တယ်။ ဒီတော့ကာ ပြင်ချင်ကြပါတယ်ဆိုရင်
ပြည်သူကို အရင်နားလည်အောင် ရှင်းပြပေးကြရမှာပေါ့။ ဒါမှ ပြည်သူ တွေ သိမယ်။
ဒါကြောင့် ပြည်သူအများစုတွေ သိ အောင် အရင်လုပ်ရဦးမယ်။ ဒီိလိုမျိုး
တွေရှိနေတော့ ပြည်သူအများစုက တကယ်ကို တိတိကျကျနဲ့ ပြင်ချင်တာရော
ဟုတ်ပါရဲ့လား။ ဒါကို စဉ်းစားတွေး ကြည့်ဖို့လိုမယ်။ ဒီသဘော ပြောတာပါ။ အခုလွှတ်တော်ကတောင် ကော်မတီဖွဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့
လေ့လာသုံး သပ်ရေး အဖွဲ့တွေဖွဲ့နေတာပဲ။ လူထုကို ရှင်းပြတာတွေလည်း
ရှိလာမှာပဲ။ ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်က ဒီသဘောကို ပြောပြတာပါ။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေအတွက် ဘယ်လောက် တာဝန် ကျေပြီးပြီလဲလို့ ထင်ပါသလဲ ခင်ဗျာ။
ပထမဦးဆုံး ကျွန်တော်တို့ပါတီက ပြောခဲ့တာက ပြည်သူတွေကိုကျေးဇူး
တင်ပါတယ်လို့ ဒီစကား အရင်စ ပြောခဲ့တယ်။ ၂ဝ၁၂ ခုနှစ်တုန်းကလည်း
ရှင်းပြခဲ့ဖူးပါတယ်။ တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်လို့လေ။ ခု သက်တမ်း
တစ်ဝက်ရှိပြီ။ ပြည်သူတွေလိုအပ်တာတွေကို ချက်ချင်းလုပ်ပေးနိုင်တာ လုပ်ပေးခဲ့တယ်။ ချက်ချင်းမ လုပ်ပေးနိုင်တာကိုလည်း အခြေအနေတစ်ခုအထိ
စောင့်ဆိုင်းပြီး လုပ်ပေးခဲ့တယ်။ ကျွန်တော် တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်
တွေအများစု ပါဝင်သောအစိုးရအဖွဲ့ ကလည်း ပြည်သူလူထု လိုအပ် တာကို
လုပ်ပေးနေကြပါတယ်။ ထိထိရောက်ရောက် မဟုတ်သေးပေမယ့် အတိုင်းအတာ
တစ်ခုတော့ ရောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။
ချက်ချင်းကြီးတော့မဖြစ်သေး ဘူးပေါ့။ ပါတီကလည်း လူထုလိုအပ် ချက် အခြေခံကျတဲ့
ပညာရေး၊ ကျန်း မာရေးတွေမှာ လုပ်ဆောင်ပေးနေပါတယ်။ ဥပမာ စာသင်ကျောင်း
ဆောက်ဖို့ အရင်က အလှူရှင်တွေကို မနည်း လိုက်ရှာနေရတာကနေ အခုတော့ အစိုးရက
လိုက်ဖြည့်ဆည်းပေးနေတော့ အလှူရှင်တွေတောင် လှူချင်ရင် ပြန်ရှာနေရတဲ့
အချိန်တောင် စရောက်နေပြီ။ ဒါတွေလည်း အချက်တစ်ခုအနေနဲ့ရှိလာတာပေါ့။
နောက်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု။ ဒါကို ဒီမိုကရေစီပန်းတိုင်အထိ
ရောက်အောင် ကျွန်တော်တို့ သွားမယ်ပြောပြီး လျှောက်လာတာပဲ။ နိုင်ငံတကာကတောင်
မယုံနိုင်ဘူး။ ပြောင်းလဲတာ သိပ်မြန်ဆန်တယ်။ ဒီလိုပြောပြီး မကြာခင်
အသိအမှတ် ပြုလာခဲ့တယ်။ ဒါတွေရှိတာပေါ့ဗျာ။ပါတီတွေမှာ သဘောထား
ကွဲလွဲတာ မဆန်းပါဘူး။
ပြည်ခိုင်ဖြိုးပါတီမှာရော သဘောထားကွဲလွဲတာမျိုးတွေ
ရှိပါသလား။ ဘယ်လိုကိစ္စတွေမှာ သဘောထား ကွဲလွဲကြတာများပါသလဲ ခင်ဗျာ။
လူတွေအများကြီးနဲ့ ဖွဲ့စည်းထား တာပဲဗျာ။ အမြင်တူတာတွေ၊ မတူတာတွေ
ရှိတာပေါ့။ ဒါလည်း သဘာဝပဲ လေ။ ပြည်ခိုင်ဖြိုးပါတီက စုပေါင်းခေါင်းဆောင်မှုဖြစ်တယ်။ ဒီ့အတွက် အမြင်မတူကြတာတွေရှိလာရင်လည်း ကျွန်တော်တို့
အဲဒီကိစ္စကိုချပြတယ်။ ပြေပြေလည်လည်နဲ့ ဆွေးနွေးတယ်။ အဖြေတစ်ခုထွက်အောင်ပေါ့၊ လုပ်နည်း ကိုင်နည်းတွေမှာ အမြင်မတူကွဲလွဲတာရှိပေမယ့် မူဝါဒကို ကျွန်တော်တို့ မကွဲလွဲဘူး။ ကောင်း အောင်တို့တစ်တွေ
လုပ်ကြမယ်။ ဒီလိုပါပဲ ဘယ်နေရာတွေမှာ အမြင်မတူသဘောထား ကွဲလွဲ လဲဆိုရင်တော့
မူဝါဒ မဟုတ်ဘူး။ လုပ်နည်းကိုင်နည်း အချို့တွေမှာပါပဲ။
အခုပါတီကို ညီညွတ်ရေးရအောင် ဘယ်လိုလုပ်နေ ပါသလဲ။ ဒါကိုလည်း သိချင်ပါတယ်။
ပါတီမှာက လူတွေအများကြီးပဲဗျာ၊ တစ်သဘောတည်းတော့ ဘယ်ရှိနိုင်မလဲ။ ဒါပေမဲ့
ကျွန်တော်ပြောနိုင် တယ်။ အနည်းစုကလွဲရင် အများစုက ညီညီညွတ်ညွတ်နဲ့
တစ်သဘောတည်းပဲ။ ကျွန်တော်တို့ပါတီက နဂိုက တည်းက တစ်ခုခုဆိုရင်
ချက်ချင်းတုံ့ပြန်ပြောဆိုတာမျိုး မရှိဘူး။ ဒါတော့ ရှိတာပေါ့။ ကျွန်
တော်ထင်ပါတယ်။ နဂိုက တည်းက ညီညွတ်မှု ရှိပြီးသားပါ။
လက်ရှိ
အနိုင်ရပါတီအနေနဲ့ ၂ဝ၁၅ ခုနှစ် အခြေအနေကို တွက်ဆနိုင် ဖို့ ၂ဝ၁ဝ
ပြည့်နှစ်တုန်းကလို အနိုင်ရ အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖိအား
တွေမသုံးဘဲ ကြားဖြတ်ရွေးကောက်ပွဲတုန်းက စောင့်ကြည့် အနေ အထားပဲ
လုပ်ခဲ့တယ်လို့အချို့က ပြောဆိုနေကြတာတွေရှိပါတယ်။ ဒါကိုရော
ဘာပြောလိုပါသလဲ ခင်ဗျာ။ ဒီနေရာမှာကျွန်တော်ပြောမယ်။ မဲရဖို့ ပြည်သူကို
ဖိအားပေးလို့ မရဘူး။ ငွေနဲ့ပေးဝယ်လို့လည်း မရဘူး။ အကြောက်တရားနဲ့လည်း လုပ်လို့မရဘူး။ ပြည်သူက အတွေ့အကြုံရှိပါတယ်။ သူတို့ဆန္ဒအတိုင်းပါပဲ။
ဒါ့ကြောင့် အနိုင် ရအောင် မတရားတာတွေ၊ ဖိအားပေး တာတွေ၊ စောင့်ကြည့်တာတွေ
မလုပ်ပါ ဘူး။
လက်ရှိ အခြေအနေပေါ် မူတည်ပြီး ၂ဝ၁၅ မှာ ပြည်ခိုင်ဖြိုးအနေနဲ့ ဘယ်လောက်အားသာချက်ရှိနေပြီလို့ ပြော လို့ရပါသလဲ။
၂ဝ၁၅ ဒီ ၂ဝ၁၅ ကိုဦးတည်ပြီး လုပ်နေတာမဟုတ်ဘူး။ အသင်းဖွဲ့က တည်းကိုက
လူမှုအကျိုးပြုလုပ်ငန်းကိုပဲ လုပ်ခဲ့ကြတယ်။ ပြီးတော့ ပါတီအသင်းထက်
အဆင့်မြှင့်တာပေါ့။ ဒါလည်းပဲ ပြည်သူလူထု အခြေပြုတဲ့ လုပ်ငန်းပါပဲ။ ဒါတွေကို
လုပ်နေပါတယ်။ ဒီတော့ အားသာချက် ဘယ်လောက်ရနေပြီလဲ ဆိုတာ ပြည်သူပဲ
ဆုံးဖြတ်ရမယ့်ကိစ္စ ပါပဲ။
ရွေးကောက်ပွဲ အောင်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။ လူထုထောက်ခံမှုရအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ တွေ့ပြီလား။
ရွေးကောက်ပွဲနီးလာလို့ ပြည်သူ တွေရဲ့ လိုလားချက်ကို ထလုပ်ပေးနေ တာ
မဟုတ်ဘူး။ ဒါကနေ စပြောမယ်။ ပြည်သူတွေကို တိုးတက်အောင် လုပ်ဆောင်ကြမယ်။
နိုင်ငံတည်ငြိမ်ဖွံ့ဖြိုး တိုးတက်အောင် တို့တစ်တွေ လုပ်ဆောင်ကြမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ လုပ်ကြတယ်။ တစ်ဦးကောင်း၊ တစ်ယောက် ကောင်းနဲ့ လုပ်တာ
ထက်စာရင် ပါတီဖွဲ့ ပြီးလုပ်တာက ကောင်းတယ်။ တစ်ပါတီတည်းထက်စာရင် ပါတီတွေ
အားလုံး ပူးပေါင်း လုပ်တာ ပိုကောင်းတယ်။ ဒါက ပါတီစုံ ဒီမိုကရေစီ စနစ်ပဲ။
ဒီအတိုင်း တိုင်းပြည်မှာ သွားနေကြတယ်။ ပြည်သူ လူထုထောက်ခံမှုရအောင် ဆိုတာက
ပြည်သူတွေ ရွေးချယ်ရမယ့် အလုပ်ပါပဲ။ ပြည်သူတွေသိကြပါလိမ့်မယ်။
ရွေးကောက်ပွဲ ဒီတစ်ခါအောင်မြင်ရင် ဘယ်လိုမူဝါဒတွေနဲ့ ရှေ့ဆက်သွား မလဲ။ လက်ရှိဖြစ်နေတဲ့ အပြောင်း အလဲတွေနဲ့ ကွဲလွဲမှုရှိနိုင်ပါသလား။
နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရမယ် ဆိုတဲ့မူဝါဒကိုပဲ ဦးတည်ပြီးလျှောက်မယ်။ ဒီမိုကရေစီပန်းတိုင်ထိသွား မယ်။ ဒီအတိုင်းပဲ ပြောခဲ့တယ်။ ဒီအတိုင်းပဲ
လျှောက်လှမ်းခဲ့တယ်။ ဒီလမ်းစဉ်ထဲလည်း ပါဝင်လာအောင် ဖိတ်ခေါ်နိုင်ခဲ့တယ်။
ဒီစနစ်ပဲ ဆက်ကျင့်သုံးသွားမယ်။
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကိုနိုင်အောင် ဘယ်လိုဗျူဟာတွေ သုံးမလဲ။ အရင်တစ်ခါ ရွေးကောက်ပွဲက
မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တော့ မရှိအောင် ဒီတစ်ခါ
ဘယ်လိုကိုင်တွယ် မလဲ။
ကျွန်တော်တို့ ဘယ်ပါတီနဲ့မှ မပြိုင်ဘူး။
အခြေအနေကိုပဲ ပြိုင်တယ်။ ဒီနေ့ ယုံကြည်တာကို မနက်ဖြန်ပို ယုံကြည်အောင်
ဆက်ကြိုးစားမယ်။ ဒီအတိုင်းပါပဲ။ မဲလိမ်တယ်။ ဒီမဲလိမ် တယ်ဆိုတာကို
ရမ်းပြောတာထက် တစ်ခုခု စွဲကိုင်ပြောတာက အကောင်းဆုံးလို့ ထင်တယ်။
ရွေးကောက်ပွဲတိုင်းကို မျှမျှ တတဖြစ်ဖို့ ကျွန်တော် တို့ ကိုယ်တိုင်
လည်းလိုလားတယ်။
စည်းကမ်းတကျ လည်း ဖြစ်စေချင်ပါတယ်။ ဒီအတိုင်း လည်း ရွေးကောက်ပွဲကော်မရှင်က သူ့ တာဝန်အတိုင်း လုပ်ပါလိမ့်မယ်။
ပါတီက သမ္မတနေရာအတွက် ဘယ်သူ့ကို လျာထားထားပါသလဲ။
သမ္မတလောင်းလျာထားမှုက ရွေးလို့ပြီးပါပြီ။ ဒါပေမဲ့ ဒါကို ထုတ်ပြောလို့
မရပါဘူး။ ထုတ်ပြောလိုက်ရင် ပုဂ္ဂိုလ်ရေးစတာတွေနဲ့ တိုက်ခိုက်တာတွေ
စတင်ကြပါလိမ့်မယ်။ ဒါလည်းရှိတယ်။ နောက်ပြီးတော့ ဒါက လျာထားမှုပဲ။
နောက်ဆုံးအဆင့်မှ မဟုတ်သေးပဲ။ ရွေးကောက်ပွဲလည်း နိုင်မှလေ။ ဒါတွေ ရှိသေးတယ်။
ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကလည်း ကျေးဇူးတင် ပါတယ်ဗျာ။ ။
Popular Myanmar News Journal

No comments:
Post a Comment