Saturday, October 05, 2013

EITI တွင်ပါဝင်မည့် ညွန့်ပေါင်းအဖွဲ့တွင် အရပ်ဘက် ကိုယ်စားလှယ်များအား အစိုးရက ပါဝင်ရွေးချယ်မည်မဟုတ်ဘဲ လွတ်လပ်စွာ ရွေးချယ်သည့် စနစ်ကို ကျင့်သုံးမည်ဟုဆို


Saturday, 05 October 2013 


EITI ဖော်ဆောင်ရာတွင် ပါဝင်ရမည့် အရပ်ဘက် ကိုယ်စားလှယ်များအား အစိုးရက ပါဝင်ရွေးချယ် ပေးသွားမည်မဟုတ်ဘဲ မိမိအစဉ်ဖြင့်သာ ရွေးချယ်သည့်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း MEITI မှ ဒုတိယ ခေါင်းဆောင်ဖြစ်သူ ကိုမင်းဇာနည်၏ ပြောပြချက်အရ သိရသည်။

တစ်နိုင်ငံလုံးရှိ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံကာEITI ဖော်ဆောင်နိုင်ရန် အဓိကကျသည့် ညွန့်ပေါင်း အဖွဲ့ ဖော်ဆောင်ရေးအတွက် ဆွေးနွေးသည့် အစည်းအဝေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာရန်အတွက် ဖွဲ့စည်းရမည့် သုံးပွင့်ဆိုင် အဖွဲ့အစည်း ဖြစ်သော အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော အဖွဲ့တွင် ပါဝင်ရမည့် အရပ်ဘက် အဖွဲ့
အစည်းများရွေးချယ်ရာတွင် အစိုးရအနေဖြင့်ပါဝင်ရွေးချယ်ပေးရန် အစီအစဉ်မရှိဘဲ အရပ်ဘက်အဖွဲ့အစည်း များကိုယ်တိုင် ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့်သာ ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။

EITI ဖော်ဆောင်လျက်ရှိသည့် နိုင်ငံများတွင် အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ် ရွေးချယ်ရာတွင် နည်းအမျိုးမျိုးဖြင့် ရွေးချယ်ကြကြောင်း၊ အချို့နိုင်ငံများတွင် အစိုးရမှ အရပ်ဘက် အဖွဲ့အစည်းများကို ရွေးချယ်
လုပ်ဆောင်စေခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်တိုင် ရွေးချယ်ထားသည့် အရပ်ဘက် အဖွဲ့အစည်း များဖြင့် လုပ်ဆောင်ခြင်း စသည့်နည်းလမ်းများဖြင့် ရွေးချယ်ကြကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာတော့ အရပ်ဘက်အဖွဲ့အစည်း ရွေးချယ်တဲ့အခါမှာ သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပြုထားတယ်။ အစိုးရက ၀င်ရောက်စွက်ဖက်ဖို့ စဉ်းစားထားတဲ့ အချက်တော့ မရှိပါဘူး။ အခုလုပ်တဲ့ ဖိုရမ်ကလည်း နောက်ဆုံးနေ့မှာ အရပ်ဘက် အဖွဲ့အစည်းတွေ ရွေးချယ်ဖို့အတွက် လုပ်ငန်း ကော်မတီ ဖွဲ့ဖြစ်ဖို့လို့တော့ သိထာပါတယ်'' ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် EITI ဖော်ဆောင်နိုင်ရန်အတွက် လုပ်ငန်းစဉ်များထဲမှ သုံးပွင့်ဆိုင် ပါဝင်သည့် ညွန့်ပေါင်း အဖွဲ့ ဖွဲ့စည်းရန် ကျန်ရှိနေပြီး ယင်းသို့ဖွဲ့စည်းနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ အရပ်ဘက် အဖွဲ့အစည်း များတွေ့ဆုံပြီး ဆွေးနွေးလျက်ရှိကြောင်းသိရသည်။ 

EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာရန်အတွက် နိုင်ငံတော် သမ္မတက ဒီဇင်ဘာလအမီ ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

eleven media group

No comments: