Friday, January 31, 2014
မြန်မာ ပြည်သူလူထုနှင့် နိုင်ငံတကာက စိတ်ဝင်စားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဇန်နဝါရီ ၃၁ ရက်တွင် အပြီးသတ် တင်ပြရမည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးရာတွင် လေ့လာ သုံးသပ်ရေး ကော်မတီအတွင်း အကြိတ်အနယ် ညှိနှိုင်းရမှုအချို့ ရှိခဲ့ကြောင်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
ဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာ သုံးသပ်ရာတွင် အခန်းတစ်ခုချင်း သုံးသပ်ခြင်း သို့မဟုတ် ပုဒ်မ တစ်ခုတည်းကို သုံးသပ်ရာတွင် အချို့သော အကြံပြုစာများသည် တစ်သိန်းကျော်အထိ ရှိသော်လည်း အချက်အလက် မပါဝင်ဘဲ လက်မှတ် ထိုးထားခြင်းများကို တွေ့ရှိရသောကြောင့် တင်ပြမည့် အချက်နှင့် မတင်ပြသင့်သည့် အချက်ကို ကော်မတီအတွင်း ဆွေးနွေးရာမှ ယင်းကဲ့သို့ ဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကော်မတီတွင်း အစည်းအဝေးမှ အချက်အလက်များကို ထုတ်ဖော် ပြောကြားမှု မရှိရန် ကော်မတီ ဥက္ကဋ္ဌက ထုတ်ပြန်ထားကြောင်း ကော်မတီဝင်များက ပြောကြားသည်။
အခြေခံဥပဒေပါ တပ်မတော်နှင့် ဆိုင်သောပုဒ်မနှင့် သမ္မတ အရည်အချင်းနှင့် ဆိုင်သော ပုဒ်မများကို ပြင်ဆင်မှု မပြုလုပ်ရန် တင်ထားသည့် အကြံပြုစာ များသည်လည်း အကျိုးအကြောင်း ဖော်ပြချက် မပါရှိဘဲ အစောင်ရေများစွာ တွေ့ရှိရကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ပိတ်ပင်ထားသည့် ၅၉ (စ) ကို ပြင်ဆင်မှု မပြုရန် အကြံပြုစာ တစ်သိန်းကျော်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြည်သူ့ထံမှယူ၍ တင်ပြထားကြောင်း ၎င်းကဆိုသည်။
အဆိုပါ အကြံပြုစာများသည်လည်း အချက်အလက်နှင့် အကျိုးအကြောင်း ဖော်ပြချက်မရှိဘဲ လက်မှတ် ရေးထိုး ထားသည်ကိုသာ တွေ့ရကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။
ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော် လည်ကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။
ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း မိမိ၏ တရားဝင် သားသမီးတစ် ဦးဦးသော် လည်ကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်မည် ဖြစ်ကြောင်း ဦးလှဆွေက ပြောကြားထားသည်။
သို့သော် အချို့သော အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်ရမည်ဆိုသော အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ (က) အရ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ဦးထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက်များကို အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ်တွင်း ပြောဆိုထားသည်။
The Voice Weekly
No comments:
Post a Comment