Sunday, February 02, 2014

ဆီးရီးယား ပြည်တွင်းစစ် အင်ဒိုနီးရှား အစွန်းရောက်ဝါဒီများ ဝင်ရောက် တိုက်ခိုက်


Sunday, February 02, 2014
ဆီးရီးယား ပြည်တွင်းစစ်အတွင်း အင်ဒိုနီးရှား အစွန်းရောက် ဝါဒီများ ဝင်ရောက် တိုက်ခိုက်လျက် ရှိကြောင်း ပဋိပက္ခများအပေါ် နိုင်ငံရေးအရ လေ့လာသုံးသပ်ရေး အင်စတီကျု (IPAC) ၏ အစီရင်ခံစာကို ကိုးကားပြီး The Diplomat သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်းရှိ နိုင်ငံခြား တိုက်ခိုက်ရေးသမား ၁၁,၀၀၀ အနက် ၅၀ ဦးမှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်မည်ဟု ယူဆထားကြောင်း အင်ဒိုနီးရှားနှင့် ဆီးရီးယား ပဋိပက္ခဟု အမည်ပေးထားသော အစီရင် ခံစာတွင် ဖော်ပြထားသည်။

ယင်းပမာဏမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ခန့်မှန်းခဲ့သည့် ပမဏဖြစ်ကာ တိကျသေချာမှု မရှိသေးပေ။

ထို့ပြင် အင်ဒိုနီးရှား ဂျီဟတ်ခေါင်းဆောင် ဘာရှားကလည်း ဆီးရီးယားနိုင်ငံကို ဂျီဟတ် ပညာရေး တက္ကသိုလ်အဖြစ် မှတ်ယူကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာဆတ်က ဆွန်နီ မွတ်ဆလင်များကို အကြမ်းဖက် ဖိနှိပ်နေသည်ဟု အင်ဒိုနီးရှားအများစု ရှုမြင်လာအောင် ပုံဖော်ပေးနေမှုများလည်း ရှိကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဆွန်နီ အင်အားကြီး ဆော်ဒီအာရေးဗီးယား နိုင်ငံက ထောက်ပံ့ ပေးထားသည့် အင်ဒိုနီးရှား ပြည်တွင်း အဖွဲ့အစည်းများ၏ ပုံဖော်ပေးနေမှုကြောင့် ဖြစ်ကြောင်း IPAC ပညာရှင်တစ်ဦး ဖြစ်သူ ဆွစ်ဒနီဂျုံးက ပြောကြားသည်။

ဆီးရီးယား နိုင်ငံတွင်းသို့ အစွန်းရောက်သမားများ အဓိက တင်ပို့နေသည့်အဖွဲ့မှာ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှု လုပ်ဆောင်ခဲ့သည့် သြဇာလွှမ်းမိုးမှု ကြီးမားသည့် အင်ဒိုနီးရှား ဂျီဟတ်အဖွဲ့ဖြစ်သော ဂျမား အစ္စလာမီးယားအဖွဲ့ ဖြစ်ကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဂျမားအစ္စလာမီးယား အဖွဲ့၏ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အဖွဲ့ဖြစ်သော ဟီလာအမာ အင်ဒိုနီးရှား အဖွဲ့အစည်း (HASI) က ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယား အစ္စလာမ္မစ် ခုခံရေးသမားများထံသို့ ကိုယ်စားလှယ် အဖွဲ့ပေါင်း ၁၀ ဖွဲ့ထိ စေလွှတ်ခဲ့ပြီး ငွေကြေးနှင့် ဆေးဝါး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကာ အနာဂတ်ကာလ စစ်ရေးအရ ပါဝင် ပတ်သက်နိုင်ရေး ကြိုတင်ဒီဇိုင်းလုပ် ဆောင်ရွက်ခဲ့သည်။

ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား ဂျီဟတ် ဝါဒီများမှာ နှစ်ပိုင်းကွဲနေပြီး အချို့မှာ ဆီးရီးယား အယ်နျူစရာတပ်ဦး (အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှု ရှိသည့်အဖွဲ့) ကို ထောက်ခံပြီး ကျန်အဖွဲ့မှာ အီရတ်နှင့် လီဗတ် အစ္စလာမ္မစ် နိုင်ငံတော် (ISIS) ကို ထောက်ခံနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

လီဗတ်ဒေသမှာ ဆီးရီးယား၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပါလက်စတိုင်းနှင့် အစ္စရေးနိုင်ငံများ ပါဝင်နေသည့် နယ်မြေ ဖြစ်ပြီး အချိန်၏ အဆုံးသတ်ကာလတွင် နောက်ဆုံးတိုက်ပွဲမှာ ယင်းဒေသတွင် ဖြစ်ပွားလိမ့်မည်ဟု ဂျီဟတ်ဝါဒီများက ယုံကြည်ထားသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် အင်ဒိုနီးရှား အစွန်းရောက်များ ဝင်ရောက် တိုက်ခိုက်နေသော်လည်း နိုင်ငံရေးစနစ်၏ တည်ငြိမ်မှု၊ စီးပွားရေးရာအရ ခံနိုင်ရည်ရှိမှု၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှု စသည့် အချက်များကြောင့် ဂျီဟတ်ဝါဒီများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း အကြမ်းဖက်ဝါဒ ပြန့်ပွားရေးအတွက် အခက်အခဲတွေ့မည် ဖြစ်ကြောင်း IPAC က သုံးသပ်ထားသည်။

The Voice Weekly

No comments: