Monday, February 03, 2014

သံလွင်မြစ် ရေကာတာစီမံကိန်း ကန့်ကွက်ဖို့ လက်မှတ်စုဆောင်း


Monday, February 03, 2014
ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အကောင်အထည်ဖော်မယ့် သံလွင်မြစ် ရေကာတာစီမံကိန်း ၆ ခုနဲ့ ပတ်သက်ပြီး အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ချမပြတဲ့အတွက် အဲဒီစီမံကိန်းကိုကန့်ကွက်ဖို့ မြစ်ချောင်း များလေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေက လက်မှတ်တွေ လိုက်လံကောက်ယူနေပါတယ်။

ရေကာတာတွေ ကျိုးပေါက်ခဲ့ရင် သံလွင်မြစ် မြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြ တဲ့ ဒေသခံတွေ ရေဘေးဒုက္ခသည် ဖြစ်သွားနိုင် တာကြောင့် စီမံကိန်းရပ်တန့်ရေးအတွက် ကန့်ကွက်စာ ပို့ဖို့ လက်မှတ်တွေ လိုက်စုနေတာဖြစ်တယ်လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်ပြည်နယ် မြစ်ချောင်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးစောပါဘိုးက ပြောပါတယ်။

“၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလလောက်က လျှပ်စစ်ဒုဝန်ကြီးကနေပြီးတော့ သံလွင်မြစ်မှာ ရေကာတာ ၆ ခုဆောက်မယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာတယ်၊ ဆောက်မယ်ဆိုလို့ရှိရင် မီဂါဝပ် တစ်သောင်း ငါးထောင်ကျော်လောက်ဆောက်မယ်ပေါ့၊ အဲဒီထဲက ၉၀ ရာခိုင်နှုန်းက တရုတ်နဲ့ထိုင်းကို ပဲရောင်းမှာ၊ ပြည်တွင်းက မီဂါဝပ် ၁၅ဝဝ လောက်ပဲရမှာ၊ အဲဒီထဲကနေပြီးတော့ ကုမ္ပဏီကနေ ယူဦးမယ်၊ အစိုးရကနေယူဦးမယ်၊ ဘာမှမကျန်ဘူး၊ တကယ့် တကယ်ခံစားရမှာက ပြည်သူတွေက ခံစားရမှာ၊ ကျနော်တို့က ကန့်ကွက်ကြောင်းဆိုတဲ့ လက်မှတ်တွေစုဆောင်းကောက်ခံပါတယ်”

တည်ဆောက်ဖို့စီစဉ်နေကြတဲ့ ရေကာတာတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအထက်မှာ ကွမ်းလုံရေ ကာတာ၊ လားရှိုးမြို့အရှေ့ဘက်၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာအနီးမှာ နောင်ဖါရေကာတာ ၊ လားရှိုးမြို့အရှေ့ဘက် မိုင်းမောမြို့နယ် မန်းတောင်ရွာအနီးမှာ မန်တောင်ရေကာတာ ၊ မိုင်းတုံမြို့နဲ့ မိုင်းပန်မြို့နယ်အကြားမှာ တာဆန်းခေါ် မိုင်းတုံရေကာတာ၊ ကယားပြည်နယ်၊ဘော်လခဲမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအနီးမှာ ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့က ဟတ်ကြီးရေကာတာတို့ ဖြစ်ကြပါတယ်။ အဲဒီရေကာတာတွေကို မြန်မာ၊ ထိုင်းနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းတည်ဆောက်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

RFA Burmese

No comments: