Wednesday, April 09, 2014

DVB သတင်းထောက်အား ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းနှင့် ပတ်သက်၍ အယူခံဝင်သည့်အခါ ယခုစီရင်ချက်ကို ပယ်ဖျက်ပေးရန် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တောင်းဆို

Wednesday, April 09, 2014

မြန်မာဂျာနယ်လစ်တစ်ဦးသည် သတင်းယူနေစဉ် ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆိုခံရပြီး ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရကြောင်း ပြည်တွင်းသတင်းစာများက ဖော်ပြခဲ့သည်။
ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အယူခံဝင်သည့်အခါ ယခုစီရင်ချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးက Democratic Voice of Burma (DVB) သတင်းထောက် ဦးဇော်ဖေကို ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ပြစ်မှုဥပဒေများကို ချိုးဖောက်မှုဖြင့် စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဂျပန်နိုင်ငံဖောင်ဒေးရှင်းတစ်ခုက မြန်မာကျောင်းသားများအား ပညာသင်ဆုပေးအပ်ခြင်းနှင့်ပတ်သက်သည့်
သတင်းကိုရယူစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သတင်းများ၌ ဖော်ပြသည်။ သတင်းများ၌ အမည်မဖော်ပြသော မကွေးမြို့နယ်ပညာရေးဌာနမှ အရာရှိတစ်ဦးက ဦးဇော်ဖေနှင့်အတူ ပညာသင်ဆုများအကြောင်း သွားရောက်စုံစမ်းသူ ကျောင်းသားမိဘတစ်ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအမှုဖွင့်ချိန်၌ ရဲတပ်ဖွဲ့သည် ဦးဇော်ဖေ(ခေါ်)သူရသက်တင်အား ရှစ်နာရီကျော်ကြာအောင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး သူ၏ဗီဒီယိုကင်မရာ၊ မမ်မိုရီကတ်နှင့် သတင်းဌာနတံဆိပ်တို့ကို သိမ်းယူခဲ့ကြောင်း ထိုစဉ်ကဖော်ပြခဲ့သည့် DVB သတင်း၌ ပါရှိသည်။ တရားစွဲဆိုမှုများကို ဆိုင်းငံ့ထားစဉ် သူ့အားလွှတ်ပေးထားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဦးဇော်ဖေ၏ရှေ့နေ ဦးသိန်းထွန်းက ဦးဇော်ဖေသည် စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ်တစ်နှစ်စီ ချခံရမည်ဖြစ်သော်လည်း တစ်ပေါင်းတည်းကျခံရမည်ဟုဆိုသည်။ ဦးဇော်ဖေက ယခုစီရင်ချက်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း သူ၏ရှေ့နေ ပြောကြားချက်ကို ကိုးကားလျက် သတင်းများကဖော်ပြသည်။

မြန်မာအစိုးရအာဏာပိုင်များသည် ၎င်းတို့၏လုပ်ဆောင်ချက်များအား စုံစမ်းထောက်လှမ်းလျက် သတင်းရေးသားမှုကိုကာကွယ်ရန် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုသည့် ခြိမ်းခြောက်မှုကို တိုး၍တိုး၍ အသုံးပြုလာကြောင်း CPJ အဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း သုတေသနခရီးစဉ်အဖြစ် သွားရောက်စဉ် DVB အယ်ဒီတာများက ပြောကြားခဲ့သည်။ DVB သည် ယခင်က မြန်မာနိုင်ငံပြင်ပမှနေ၍ သတင်းတင်ဆက်မှုကို ပြုလုပ်ခဲ့သော်လည်း ယခုအခါ ပြည်တွင်း၌ လုပ်ဆောင်နေသော သတင်းဌာနတစ်ခုဖြစ်သည်။ သူ၏ဝေဖန်ရေးဆန်သော သတင်းများကြောင့် ယခင်စစ်အစိုးရလက်ထက်က DVB ကို ပစ်မှတ်ထားငေ့်ယှက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

"ဒီနေ့မှာ ဂျာနယ်လစ်ဦးဇော်ဖေကို စီရင်ချက်ချလိုက်တာဟာ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေ လုပ်မယ်လို့ ကတိပေးဖူးတဲ့ မြန်မာနိုင်ငံဟာ အလျင်အမြန် နောက်ကြောင်းပြန်လှည့်နေတယ်ဆိုတာကိုပြတဲ့ နောက်ဆုံးညွှန်းဆိုချက်ပါပဲ" ဟု CPJ ၏အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ္စပင်းက ပြောကြားခဲ့သည်။ သူက "အခုအချိန်မှာ ဂျာနယ်လစ်ငါးဦးထက်မနည်း ဖမ်းဆီးခံထားရခြင်းနဲ့အတူ စာနယ်ဇင်းလွတ်လပ်ခွင့် အ၀န်းအ၀ိုင်းကို မြှင့်တင်မယ်ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့ ကတိပေးထားမှုက ပိုပိုပြီးအနှစ်မဲ့လာပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းထောက်အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်းများကို ဖိနှိပ်မှု တိုးချဲ့လာသည့်အကြား ယခုကဲ့သို့ ဦးဇော်ဖေအား စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလအတွင်းကလည်း မြန်မာဂျာနယ်လစ်တစ်ဦးဖြစ်သော မခိုင်သည် အသရေဖျက်မှု၊ ပိုင်နက်ကျူးလွန်မှုနှင့် ဆဲရေးတိုင်းထွာမှု စွဲချက်များဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည်။ မခိုင်သည် ကယားပြည်နယ်အရှေ့ပိုင်းတွင် ဥပဒေဆိုင်ရာ အငြင်းပွားမှုတစ်ရပ်နှင့်ပတ်သက်၍ ရှေ့နေတစ်ဦးအား သွားရောက်တွေ့ဆုံမေးမြန်းစဉ် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအတွက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဦးသိန်းစိန်သည် ထောင်ဒဏ်ချမှတ်ခံထားရသော ဂျာနယ်လစ် ၁၄ ဦးကို လွှတ်ပေးခဲ့ပြီးနောက် မခိုင်သည် ပထမဆုံးထောင်ဒဏ်ချမှတ်ခံရသည့် မြန်မာသတင်းထောက်ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီလအတွင်းကလည်း ပြည်တွင်းသတင်းဂျာနယ်တစ်စောင်ဖြစ်သောUnity Weekly မှ ဂျာနယ်လစ်လေးဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအရ တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသည်။ သူတို့သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်တပ်၏ လျှို့ဝှက်ဓာတုလက်နက်ထုတ်လုပ်မှု စက်ရုံအကြောင်း သတင်းရေးသားခဲ့မှုကြောင့် ယင်းကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သူတို့လေးဦးစလုံးအား တရားခွင်၌ စစ်ဆေးမှုမလုပ်မီ ဖမ်းဆီးထိန်းသိမ်းထားသည်။ သူတို့အနေဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၄ နှစ်စီအထိ ချမှတ်ခံရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြသည်။

Eleven Media Group

No comments: