Wednesday, January 14, 2015

MEC CDMA ဆင်းမ်ကတ်တွေ အင်တာနက် လျှောက်ခပေးရန်မလို



Wednesday, January 14, 2015

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှုပေးနေတဲ့ ဖုန်းနံပါတ် ၃၀၊ ၃၁ အစ (CDMA) ဆင်းမ်ကတ်တွေ အင်တာနက်လျှောက်ခ ကျပ်တစ်သောင်း ပေးသွင်းဖို့ မလိုတော့ဘူးလို့ MEC က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


စာတိုပို့ခအဖြစ် အရင် ကောက်ခံနေတဲ့ နှုန်းထား တစ်စောင် ၂၅ကျပ်ကနေ ၁၅ကျပ် သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီး ဖုန်းခေါ်ဆိုခနှုန်းထား တစ်မိနစ် ၅၀ကျပ်ကိုတော့ ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေတယ်လို့ သူက ဆိုပါတယ်။

“အင်တာနက်အသုံးပြုခ ကောက်တဲ့စနစ်က အရင်တုန်းကလိုပဲ အချိန်နဲ့ပဲ ကောက်မယ်။ ဖုန်းခေါ်ဆိုခ မလျှော့သေးပါဘူး။ ဒါပေမဲ့ ဖုန်းပြောခတွေ သက်သာအောင်လို့ ဖုန်းငွေဖြည့်ကတ်တွေမှာ အပိုပေးထားတယ်” လို့ သူက ဆက်ပြောပါတယ်။

MECTel ဖုန်းငွေဖြည့်ကတ်တွေမှာ ကျပ်တစ်သောင်း ဖြည့်သွင်းရင် အပိုငွေ ကျပ် ၇၀၀၀ ထပ်ဆောင်းပေးမှာ ဖြစ်ပြီး ၅၀၀၀ ဖြည့်သွင်းရင် ၃၅၀၀ကျပ်၊ ကျပ် ၃၀၀၀ ဖြည့်သွင်းရင် ကျပ်၂၁၀၀ အပိုရရှိမယ်လို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဆီကနေ သိရှိရပါတယ်။

အဲဒီ ဝန်ဆောင်မှုအတွက် ၂၃၃သို့ “Open EVDO” ဆိုတဲ့စာ ရိုက်နှိပ်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ စတင်ကာ မက်ဆေ့ဂ်ျပေးပို့ ရယူနိုင်မယ်လို့ MECTel ဆင်းမ်ကတ်တွေ အတွက် ဝန်ဆောင်မှုပေးတဲ့ 1212 call center က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ ဆင်းမ်ကတ်တွေ ပျောက်ဆုံးလို့ ပြန်လျှောက်ရင် အရင်က ကျပ်နှစ်သောင်း ပေးသွင်းရပေမယ့် အခု ၁၅၀၀ ကျပ်ပဲ ပေးဆောင်ရမယ်လို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဆီကနေ သိရှိရပါတယ်။

The Voice Weekly
 

No comments: