Tuesday, January 20, 2015
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ လွယ်တိုင်းလျှံဌာနချုပ်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် (၆၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ စစ်ရေးပြအခမ်းအနားအတွက် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ ဒေသခံရွာသားများအား အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဟိုဖိုင်ကျေးရွာက ရွာသားတစ်ဦးထံမှ သတင်းရရှိပါသည်။
“ရှမ်းပြည်နယ်နေ့အတွက်ဆိုပြီး ကျွန်တော်တို့ရွာက ရွာသား ၁၀ ယောက် လောက်လာခေါ်သွားတယ်။ လူမသွားနိုင်တဲ့ အိမ်တွေက တစ်အိမ်ကို ၂၀၀၀၀ ကျပ် ရံပုံငွေအဖြစ် ပိုက်ဆံသွင်းရတယ်။ တစ်ခြားရွာတွေလည်း လူရော ငွေရော ပေးရတယ်ပြောတယ်” ဟု ၎င်းရွာသားမှ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာနှင့် ဟိုရင်ကျေးရွာများမှ ဒေသခံရွာသား ၂၀ ကျော်ကို RCSS/SSA အဖွဲ့မှ ဖိုးဝှီးယာဉ် ၄ စီးဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဟိုရင်ကျေးရွာနေ ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူမှ ပြောသည်။
“လူမသွားနိုင်တဲ့ အိမ်တွေအနေနဲ့ ပိုက်ဆံ ၂၀၀၀၀ ပေးရတယ်။ လဲချားမြို့ကနေ ဌာနချုပ်အထိ လမ်းစရိတ်ဆိုပြီး တောင်းတာ။ သူတို့အဖွဲ့နဲ့ မရှုပ်ချင်လို့ ကျွန်တော်ကတော့ ၂၀၀၀၀ ပေးလိုက်တယ်” ဟု ဟိုရင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“အခု စစ်ရေးပြအခမ်းအနားကို လက်နက်ကိုင်အဖွဲ့အစည်းက လုပ်တာပဲ။ သူတို့လူနဲ့ပဲ သူတို့လုပ်သင့်တယ်။ ရွာသားတွေကို အတင်းအကြပ်ခေါ်တာမျိုး မဖြစ်သင့်ဘူး။ အခုသူတို့လုပ်ပုံက ရွာသားတွေအနေနဲ့ ၀န်ထုပ်ဝန်ပိုး ဖြစ်တယ်။ လဲချားကနေ သူတို့ ဌာနချုပ်အထိ က အဝေးကြီးပဲလေ ”ဟု လဲချားမြို့ခံတစ်ဦးမှ ဆိုသည်။
ယင်းစစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် လဲချားမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ(SNDP) တို့မှ ပါတီဝင်များအား ဖိတ်ကြားထားကြောင်း ပါတီဝင်တစ်ဦးထံမှ သိရှိရပါသည်။
နန်းခမ်းစံ(လဲချား)
Shan News
No comments:
Post a Comment