Friday, February 06, 2015

ရန်ကုန်မြို့ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေ အသုံးပြုမည်

Friday, February 6, 2015
မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး နေထိုင်ပြီး စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်မြို့တော်တွင် နှစ်စဉ် ရေကြီးရေ လျှံမှု ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာငွေ ကျခံနိုင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်း က ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ ရန်ကုန်မြို့တော်တွင် နှစ်စဉ် ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု အခက်အခဲများကို အခြားအာဆီယံနိုင်ငံများကဲသို့ ထိရောက်သည့် စီမံကိန်းကြီးတစ်ရပ် ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
နှစ်စဉ် မိုးရာသီတွင် ကြုံတွေ့နေရသော ရန်ကုန်မြို့တော် ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ရေး ထိရောက်သည့် စီမံကိန်း ရေးဆွဲရန်အတွက် ပုံစံဒီဇိုင်းများ ပြုလုပ်ခြင်း၊ ခန်းမှန်းကုန်ကျငွေများ တွက်ချက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုံးစွဲမည့် ကုန်ကျငွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျခံနိုင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေမှ ကျခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောဆိုသည်။
ရန်ကုန်မြို့တော်အတွင်း နှစ်စဉ် ကြုံတွေ့နေရသော ရေကြီးရေလျှံမှု ပြဿနာများကို ဖြေရှင်းနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတိုင်းတွင် မေးခွန်းများ၊ အဆိုများဖြင့် အစိုးရကို တိုက်တွန်းနေသော်လည်း လက်ရှိအချိန်အထိ ထိရောက်သော ဖြေရှင်းနိုင်မှု မရှိသေးကြောင်း တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များက ရှင်းပြသည်။
“ကျွန်မတို့ အနေနဲ့လည်း အဆိုတွေတင်တာ၊ မေးခွန်းတွေ မေးတာတွေ လုပ်တာပဲလေ၊ အခုထိ နှစ်စဉ် မိုးရွာလာရင် ရေကြီးတာကတော့ မြင်တဲ့အတိုင်းပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောဆိုသည်။
အဆိုပါ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းနိုင်ရေး စီမံကိန်းအသစ် ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တွင်း လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်များတွင် Preliminary Survey ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ရုံးထံမှ သိရသည်။
The Voice Weekly

No comments: