Monday, February 02, 2015

ဗိုလ်ချုပ်ရာပြည့်ပွဲတော် NLD ဦးဆောင်ပါက ဦးအောင်ဆန်းဦး မတက်ရောက်ဟုဆို

Monday, February 2, 2015.
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော်ကို ဇာတိ နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပါက ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြားနေကြောင်း အဆိုပါ ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီအနေနှင့် ဗိုလ်ချုပ်၏ သားကြီး ဦးအောင်ဆန်းဦးကို ရာပြည့်အဖွင့်မိန့်ခွန်း၊ ကြေးရုပ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ခြင်းနှင့် ကျောက်စာဖွင့်ပွဲ မိန့်ခွန်းသုံးနေရာ အဓိကထား နေရာပေးကာ တက်ရောက်ရေး ဖိတ်ကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာစိုးမင်းက ပြောကြားသည်။
“NLD ပါတီက ဦးဆောင်တဲ့ပွဲ ဆိုရင် သူမတက်နိုင်ဘူးလို့ တယ်လီဖုန်းက တစ်ဆင့် ငြင်းဆန်နေတယ်။ ဒါနိုင်ငံရေးပွဲ မဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးပွဲ ဖြစ်တယ်လို့ ကျွန်တော် သူ့ကို ရှင်းပြခဲ့ပါတယ်။ လာတာ၊ မလာ တာက သူ့အပိုင်းလေ။ ကျွန်တော်က တာဝန်ရှိတဲ့အတိုင်း ဖိတ်ကြားရမှာပဲ” ဟု ၎င်းကဆိုသည်။
လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံမှာ ကြိုတင်ပြင်ဆင်မှု ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပြီး ဗိုလ်ချုပ်နေအိမ်အတွင်း ထားရှိမည့် ကျောက်စာသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်နေအိမ် ပြတိုက်တာဝန်ခံ ဒေါ်မေမဉ္ဇူက ပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်ရာပြည့် ပွဲတော်သို့ ဗိုလ်ချုပ်၏ သားသမီးနှစ်ဦး ဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးကို ဖိတ်ကြားထားပြီး အကယ်၍ ဦးအောင်ဆန်းဦး တက်ရောက်မည် ဆိုပါက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ညောင်ဦးလေဆိပ်မှ တစ်ဆင့် နတ်မောက်မြို့သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ရာပြည့်ပွဲတော်ကျင်းပရေး ကော်မတီထံမှ ထပ်မံသိရသည်။
“ဟာ ဒါကတော့ သူက ဗိုလ်ချုပ်အောင်ဆန်း သားအရင်းပဲ။ သူ့အနေနဲ့ ဘာပဲဖြစ်ဖြစ် တက်သင့်တာပေါ့။ ပြီးတော့ ဒီပွဲက NLD က လုပ်တဲ့ပွဲပါလို့ မယူဆစေချင်ဘူး။ အားလုံးက ဝိုင်းလုပ်ကြတာလေ။ ကျွန်တော့် အမြင်အရတော့ သူက နိုင်ငံရေးနဲ့ ကင်းရှင်းချင်ပုံ ရတယ်။ ဒါကြောင့် သူက NLD နဲ့ ပတ်သက်ချင်ပုံ မရဘူး။ သူ့မှာလည်း သူ့ရဲ့စီးပွားရေး လုပ်ငန်းလေးတွေက ရှိသေးတာကိုး။ နိုင်ငံရေးနဲ့ မပတ်သက်ချင်တာတွေလည်း ပါနိုင်တယ်။ ဘာပဲပြောပြော သူ့ဖခင်ပွဲဖြစ်လို့ ကျွန်တော်တို့က တက်စေချင်တာကတော့ အမှန်ပဲ” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွန်းဦးက The Voice သို့ မှတ်ချက်ပေး ပြောကြားသည်။
The Voice Weekly

No comments: