Tuesday, January 27, 2009

`` ထိုင်းနယ်စပ်က မြန်မာ့ကုန်သွယ်ရေးဇုန် မြ၀တီမြို့  ´´

မြ၀တီချစ်ကြည်ရေးတံတားထိပ်မှ ၁၀ ကီလိုမီတာအကွာတွင်ရှိသော မြ၀တီကုန်သွယ်ရေးဇုန်သည် (၁၆၀၀ ဟတ်တာ) ကျယ်ဝန်းပြီး ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများသို့ ငါး၊ ပုစွန်၊ ဂဏန်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းများတင်ပို့လျက်ရှိသည်။ မြ၀တီမြို့ရှိ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီသည် ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းအရ အယုဒ္ဓယခေတ်မှစ၍ မြန်မာဘုရင်များ တည်ထားကိုးကွယ်ခဲ့သည့် စေတီတစ်ဆူ ဖြစ်ပြီး မြ၀တီမြို့၏ အလှရှုခင်းများနှင့် ကြည်ညိုဖွယ်စေတီပုထိုးများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စား လျက်ရှိသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအထူးအခွင့်အရေးတစ်ရပ် ရရှိမည်ဆိုပါက မြ၀တီမြို့တွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ပြီး မြန်မာနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများအား ကုန်ချောပြန်လည် ပြုလုပ်ကာ အမေရိကန်၊ ဥရောပ၊ အိန္ဒိယနိုင်ငံများသို့ ကျယ်ပြန့်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး မြန်မာ အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်သည်။ လက်နက်ကိုင် သောင်းကျန်းသူများ နှောင့်ယှက်မှုကြောင့် မြ၀တီလမ်းကြောင်းခရီးသွားလာမှုမှာ လုံခြုံရေးစိတ်မချ ရသေးသော်လည်း မြ၀တီနယ်စပ် ကုန်သွယ်ရေး အထူးဇုန်တည်ဆောက်မှုမှာ ဂုဏ်ယူချီးကျူးစရာဖြစ်သည်။

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးခရီးသွားလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပေရာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ကုန်သည်များအသင်း ဥက္ကဌမှ ထိုင်းအစိုးရအား ချစ်ကြည်ရေး တံတားအသစ်တစ်ခု အမြန်တည်ဆောက်ပေးရန်၊ တာ့ခ်ခရိုင်၊ မဲဆောက်ကုန်သွယ်ရေးအထူးဇုန် တည်ဆောက်ပေးရန်နှင့် မြ၀တီမြို့ရှိ ကားလမ်းအားလက်ရှိဖောက်လုပ်ပြီးသော ၁၈ ကီလိုမီတာမှ နောက်ထပ် ၃၀ ကီလိုမီတာ ထပ်မံဖောက်လုပ်ပေးရန် တောင်းဆိုထားသည်။

အနာဂတ် ထိုင်း-မြန်မာချစ်ကြည်ရေး ပိုမိုကောင်းမွန်လာပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း နှင့်အတူ မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ ကုန်ပစ္စည်းများ လျင်မြန်စွာတင်ပို့နိုင်မည်ဖြစ်သဖြင့် မဲဆောက်ထုတ်ကုန် ၈၀ ရာခိုင်နှုန်းခန့် ရောင်းအား တက်လာနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းနှင့် လယ်ယာ ထွက်ကုန်များလည်း ရောင်းအား ကောင်းလာနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

No comments: