Tuesday, February 10, 2009

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေး


ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည် ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ငြင်းဆိုလိုက် ပါတယ်။

“ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ” ဟု ဦးဝင်းကြိုင်က ပြောပါတယ်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ “ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်” ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြပါသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ် တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများ တွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။


http://www.khitpyaing.org/news/February_09/9-2-09d.php

No comments: