ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN Japan ကဦးဆောင်ပြီး ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို Minami Osuka Hall မှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဖိတ်ကြားထားတဲ့ တိုင်းရင်းသားခေါင်းဆောင် များကတက်ရောက် မိန့်ခွန်းပြောကြားပါတယ်။ တိုင်းရင်းသားရိုးရာ အက များ၊ သီးချင်းများ အလှည့်ကျသီဆိုခြင်းများဖြင့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ မဂျာခိုင် အားအမေ့အိမ် မှဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မဂျာခိုင် - ဒီကိုရောက်တာ ၁၀ နှစ်ကျော်သွားပြီ၊ ဒီနေ့ က သူငယ်ချင်းတစ်ယောက်နဲ့ လိုက်လာတာလေ။ အရမ်းပျော်ဖို့ကောင်းတယ်။ တိုင်းရင်းသားအက တွေရောပါတယ်။ သီချင်းတွေလည်းဆိုကြ၊ ကကြ နဲ့ ၁၀ နာရီထိုးခါနီးမှပြန်ရောက်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေလဲ မိန့်ခွန်းပြောတယ်လေ။ သူတို့ကိုကတော့ ဒါမျိုးပွဲတွေမှာ ခဏခဏ တွေ့ရတယ်။ ဒီလို ပွဲတော်ရက်မျိုးဆိုရင် အိမ်ကို သတိရတယ်။
အခမ်းအနားပြီးတော့ ချီတက်ကြသေးတယ်လေ။ သံချပ်တွေထိုးပြီး Osuka ပန်းခြံကနေ Ikebukuro Kumin Center ရှေ့ပန်းခြံအထိ ချီတတ်လမ်းလျှောက် ကြတာ။ လူ ၂၀၀ - ၂၅၀ လောက်ရှိမယ်ထင်တယ်။
ညနေ ၄ နာရီမှာ ဖျော်ဖြေရေးအစီအစဉ်များစတင်ခဲ့ပြီး ည ၇ နာရီမှာ အခန်းအနားပြီးဆုံးခဲ့ပါတယ်။ အခမ်းအနားပြီးဆုံးသွားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ် အခမ်းအနားကို ဧည့်သည်တော်များက ဆက်လက်ချီတတ်ဆောင်ရွက်ခဲ့ကြပါတယ်..

No comments:
Post a Comment