Friday, April 10, 2009

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူမယူ ကရင်နီတပ်ဖွဲ့ကို ထိုင်းစစ်တပ်မေးမြန်း

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ တပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်ဖွဲ့ဝင်တွေက မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ရှိမရှိနဲ့ ငြိမ်းချမ်းရေး ယူဖို့ ရှိမရှိ ဆိုတာတွေကို ဧပြီ ၉ရက် ဒီကနေ့ မနက်ပိုင်းက လာရောက် ဆွေးနွေး မေးမြန်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


ထိုင်း-မြန်မာနယ်စပ်တွင် ကင်းလှည့်နေသော ထိုင်းစစ်တပ် သံချပ်ကားတစင်းပေါ်မှ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးက ထိုင်းမြန်မာနယ်စပ် စခန်းတခုဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ တပ်တွေ အခြေစိုက်ရာ ညာမိုတပ်စခန်းကုန်း အနီးနဲ့ ကရင်နီတပ်မတော် ထိန်းချုပ်ရာ နယ်မြေအနီးတဝိုက်မှာ ထိုင်းစစ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပါတယ်။

ကရင်နီတပ်မတော် တပ်ရင်း ၂ ရုံး အနီးမှာရောက်ရှိနေတဲ့ ထိုင်းစစ်တပ်ရဲ့ ဦးဆောင် အရာခံဗိုလ် အပါအဝင် သုံးဦးဟာ ဒီကနေ့မနက် ၉ နာရီမှာ ကရင်နီတပ်မတော်ရဲ့ ဗျုဟာရုံးကို သွားရောက်ခဲ့ပြီး အချက်လေးချက်ကို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ကရင်နီတပ်မတော် တဦးက အခုလို ပြောပါတယ်။

တပ်မှူး။ ။ 'ဗမာပြည်မှာ ဟိုတယ်ရှိလား၊ ဒါမှ မဟုတ်ရင် ထိုင်းမှာ ဟိုတယ် လိုက်ဖူးလားပေါ့။ အဲ နောက် ဒုတိယအချက်က ရန်သူနဲ့ အပစ်အခတ်ရပ်စဲ ယူမလားပေါ့၊ မယူဘူးလားပေါ့၊ ပုံစံမျိုး သူမေးသွားတယ်။ အဲ နောက် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခင်ဗျားတို့က ထောက်ခံလား၊ မထောက်ခံဘူးလားပေါ့ အဲလို မေးသွားတယ်။ တခြား အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ယူကြပြီပေါ့၊ အဲဒါ ခင်ဗျားတို့လည်း ငြိမ်းချမ်းရေး ယူမလား၊ မယူဘူးလား၊ အပစ်အခတ် ရပ်စဲရေး ယူမလား၊ မယူဘူးလား အဲလိုမျိုး မေးသွားတာတွေ ရှိတယ်။'

ကရင်နီတပ်မတော်က တပ်မှူးတွေကို အခုလို မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေး မေးမြန်းခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ အထက်အရာရှိတွေအနေနဲ့ ထပ်မံ လာရောက် မေးမြန်းဖို့ ရှိသေးတယ်လို့လည်း ပြောဆိုသွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ ထိုင်းအစိုးရ တာဝန်ရှိသူတွေအနေနဲ့ တရားဝင် အသိပေး အကြောင်းကြားလာတာတွေ မရှိသေးသလို အခုလို ဆောင်ရွက် နေတာတွေဟာလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နေမှုလောက်သာ ဖြစ်နိုင်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး (၁) ခူးဦးရယ် က အခုလို ပြောပါတယ်။

ခူးဦးရယ်။ ။ 'သူတို့အနေနဲ့ ဒါတွေ ဆောင်ရွက်ဖို့ ထိုင်းအစိုးရ နိုင်ငံရေးကို သို့တည်းမဟုတ် ထိုင်းနိုင်ငံရေးကို ဒီဌာနက အရာရှိတွေက ကိုင်တွယ်ဆောင်ရွက်တဲ့ ကိစ္စတွေမှာ ထိုင်းတပ်ကတော့ ထိုင်းအစိုးရက စေခိုင်းတာမျိုးမဟုတ်ပဲနဲ့ သူတို့ ဆောင်ရွက်မယ်လို့တော့ ကျွန်တော် မထင်ဘူးလေ။ ဆိုတော့ သူတို့ ဆောင်ရွက်နေတဲ့ ကိစ္စက သူတို့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပဲ ဆောင်ရွက်နေတာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယေဘုယျ နားလည်ပါတယ်။'

သတင်း-ဇွန်ငယ်မိုး

No comments: