၂၀၀၆ အောက်တိုဘာ ၁၄ ရက်က ကုလ ဆိုင်ရာ တရုတ် သံအမတ် ဝေါင်ဂွန်ရာ က လုံခြုံရေးကောင်စီ ၏ မြောက်ကိုရီးယားနိုင်ငံအား ငွေကြေး နှင့်လက်နက် ပိတ်ပင်အရေးယူမှုကို ဆန္ဒပြုခဲ့စဉ်
ဒုံးပျံ လွှတ်တင်ခဲ့သည့် အတွက် မြောက်ကိုရီးယား အား လုံခြုံရေး ကောင်စီ အနေနှင့် ချက်ချင်း လက်ငင်း တစုံတရာ အရေးယူမှု ပြုလုပ် သွားဦးမည် မဟုတ်ကြောင်း သိရှိရသည်။
ဧပြီလ (၅)ရက်နေ့က မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မှု ပေါ်ပေါက်လာပြီး ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများကြား ညှိနှိုင်းမှုများ ပြုလုပ် ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ပေ။
ဝါရှင်တန်နှင့် တိုကျို အစိုးရများက ယခုအရေး အတွက် မြောက်ကိုရီးယား အပေါ် ပြင်းပြင်းထန်ထန် အရေးယူ သွားလိုသော်လည်း မော်စကိုနှင့် ဘေဂျင်း အစိုးရများက ကန့်ကွက် ခဲ့သောကြောင့် သဘောတူညီမှုတစ်ခု ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။ ယခု ဒုံးပျံ ပစ်လွှတ်မှု သည် မြောက်ကိုရီးယား အနေနှင့် နျူကလီးယား လက်နက်များ စီမံကိန်းချ ဆောင်ရွက်နေမှုအား ထင်းထင်းကြီး ပေါ်လွင် လာစေကြောင်း အမေရိကန် က စွပ်စွဲသည်။
သို့သော်လည်း လုံခြုံရေး ကောင်စီသို့ တက်ရောက် လာသည့် တရုတ်နိုင်ငံ ကိုယ်စားလှယ် ဇန်ယီဆူ က မြောက်ကိုရီးယား အား အရေးယူမှု တစုံတရာ ပြုလုပ် ခဲ့ပါက တင်းမာမှုများကို ပိုမိုမြင့်တက် သွားစေနိုင်ကြောင်း ကန့်ကွက် ပြောဆို ခဲ့သည်။
လုံခြုံရေးကောင်စီက ရက်ပေါင်း အတန်ကြာ အချိန်ယူ ဆွေးနွေးမှုများ ပြုလုပ် ပြီးချိန်တွင် တိကျသော သဘောတူညီမှု တစ်ခု ရရှိလာရန် မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။
သတင်း-လူထုအသံ

No comments:
Post a Comment