Thursday, April 23, 2009

စစ်အစိုးရအလိုကျ ဗိုလ်ထင်မောင်နှင့်အဖွဲ့  ရုပ်သံကနေပြောနေဟု ကေအဲန်ယူပြော

ကရင့်အမျိုးသားအစည်းရုံး (ကေအဲန်ယူ)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ(ထိုးကော်ကိုးအဖွဲ့ ) ဥက္ကဌ ဗိုလ်ချုပ်ထင်မောင်နှင့် အဖွဲ့ ဝင် စောတီမသီတို့ သည် အစိုးရပိုင်မြန်မာ့ရုပ်မြင်သံကြားမှတဆင့် စစ်အစိုးရ အလိုကျပြောဆိုပေးနေကြသည်ဟု ကေအဲန်ယူ ထိပ်တန်းစစ်ဖက်အရာရှိ ဗိုလ်မှူးချုပ်စောဂျော်နီက ယနေ့ ပြောဆိုလိုက်သည်။

ယမန်နေ့ ညက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသော “ကရင်ပြည်နယ်တ၀ှမ်း ငြိမ်းချမ်းရေးမှတ်တမ်း အပိုင်း(၃)” အစီအစဉ် တွင် ဗိုလ်ချုပ်ထင်မောင် ပြောစကားအား စကားပြန်လုပ်ပေးရင်း စောတီမသီက ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီ တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့  ပြန်သွားသော ငြိမ်းချမ်းရေးကောင်စီဝင်များကို သတ်ဖြတ်နေသည်ဟူသော ဖြည့်စွက်စွပ်စွဲ ပြောဆိုချက်အပေါ် တုန့် ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒီမယ်လစခန်းမှာ အခုငြိမ်းချမ်းရေးမိသားစုတွေ ဆေးလာပြန်ကုတာတို့  ပြန်လာနေပြီးတော့ နိုင်ငံခြားကို တောင် ရောက်သွားနေတာ တချို့ ရှိတယ်။ အများကြီး ရှိတာပဲ၊ ဘယ်သူမှ သူတို့ ကို ဘာမှမလုပ်ပါဘူး။ သစ္စာ ဖောက်တွေပြောတဲ့စကားကတော့ ဒီလိုပဲ မဟုတ်မမှန် တာတွေ ထွက်မှာပေါ့။ သူတို့ ကို နအဖက ပြောခိုင်း တယ်လို့  ကျနော်ထင်ပါတယ်”ဟု ဗိုလ်မှူးချုပ်စောဂျော်နီက ကရင်သတင်းစဉ်ကို ပြောသည်။

ရုပ်မြင်သံကြားအစီအစဉ်တွင် စောတီမသီက ကေအဲန်ယူအနေဖြင့် လူလွှတ်ပြီး ၎င်းတို့ ကိုသတ်ရန် ကြိုးစား ကြောင်း၊ အလွန်မိန်းမဆန်သော လုပ်ရပ်ဖြစ်ကြောင်း၊ ၎င်းတို့ ငြိမ်းချမ်းရေးအဖွဲ့ ဝင်များ လူထုကိုရှင်းပြရန် မယ်လစခန်းသို့ ပြန်သွားသူအကုန်လုံးကို သတ်ပစ် ကြောင်း၊ ဗိုလ်ဂျော်နီသည် ကေအဲန်ယူအရေခြုံပြီး ကရင် ဒုက္ခသည်တွေကို သတ်ဖြတ်နေသူဖြစ်ကြောင်း စသဖြင့် ပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ်ဂျော်နီက ကရင်သတင်းစဉ်အား ၎င်းကိုယ်တိုင်ပြောသော စကားကို ယုံကြည်မှုရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ မယ်လ စခန်းတွင်ရှိသော ကရင်ပြည်သူ ဒုက္ခသည်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များကို မေးမြန်းစုံစမ်း နိုင်ကြောင်းနှင့် ကမ္ဘာကသိအောင် အမှန်တရားကို ဖော်ထုတ်နိုင်သည်ဟု ပြောသည်။

၂၀၀၇ခုနှစ်တွင် ဗိုလ်ထင်မောင်နှင့်အတူ ငြိမ်းချမ်းရေးယူသွားပြီးနောက် ပြန်လည်ထွက်ပြေးလာပြီး ယခုမယ်လ စခန်းတွင် နေထိုင် လျှက်ရှိသော တီးလှကျော် (၆၀နှစ်)က “ငါကတော့ တော်လှန်ရေးလုပ်တာ ၁၉၅၈ ခုနှစ်က တည်းက၊ ငြိမ်းချမ်းရေးပြန်လုပ်မယ်ဆိုပြီးတော့ ပြန်ဆင်းသွားတာပဲ။ ဟိုရောက်တော့ ဘာငြိမ်းချမ်းရေး လုပ်တာ လဲတော့ ငါမသိဘူး။ အချင်းချင်း အာဏာတွေလုကြပြီး ပြန်သတ်ကြတာနဲ့ ပဲ အချိန်ကုန်နေပါပြီး။ အဲဒါကြောင့် ငါကလည်း ဒီဘက်ကို ပြန်တက်လာတာပေါ့။ ဒီကိုပြန်ရောက်လာတော့ ကေအဲန်ယူမှာရှိတဲ့ မိတ်ဆွေဟောင်း တွေနဲ့  တွေ့ ကြပြီးတော့ ဟာသတွေအနေနဲ့  ပြောကြတာပေါ့။ ဘယ်လိုလဲ နင်ငြိမ်းချမ်းရေးပြန်ယူလို့  ၀ပြီလား။ စတာတွေပေါ့။ ပြက်လုံး သဘောနဲ့  ပြန်ပြောကြတာပေါ့။ ဒီငြိမ်းချမ်းရေးက ပြန်လာတဲ့သူတွေကိုတော့ ကေအဲန်ယူဘက်က သတ်တာဖြတ်တာတစ်ခါမှ မကြားဖူးပါဘူး။ ရှိမှမရှိတာ ဘယ်ကြားဘူးမှာလဲ”ဟု ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့တွင် တနှစ်ခန့်နေထိုင်ပြီးနောက် ကေအဲန်ယူထံ ပြန်ဝင်လာသူ စောကာ့ခလိ ၂၈နှစ်ကလည်း “ကေအဲန်ယူဘက်မှ တော့ ကျနော်တို့ ပြန်လာကို အလုပ်တွေရှာပေးတယ်။ အခုကျနော် ဆေးရုံမှာအလုပ်ဝင် နေပါတယ်။ ငြိမ်းချမ်းရေးပြန်လုပ်တဲ့ ခေါင်းဆောင်တွေကတော့ ပညာတတ်တွေဆိုတော့ သူတို့ လိမ်ချင်သလို ပြောချင်သလို ပြောနေတာပေါ့။ ငါတို့ လိုဘာမှ မဟုတ်တဲ့သူတွေကတော့ အမှန်အတိုင်းပဲ ပြောတတ်တယ်။ ဟိုမှာပြန်တဲ့သူတွေဟာ သူတို့ ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့သူတွေလို့ ပြောချင်ပါတယ်။ အရင်က နှစ်ပေါင်းများ စွာ ငြိမ်းချမ်းပြန်လုပ်တဲ့သူတွေကလည်း ကရင်ပြည်သူလုထုတွေအတွက် ဘာတွေလုပ်ပေးနိုင်သေးလို့ လဲ။ ပြည်သူတွေကို အကြောင်းပြပြီးတော့ သူတို့ ကိုယ်ကျိုးအတွက် လုပ်နောကတဲ့သူတွေပါပဲလေ”ဟု ပြောသည်။

ဗိုလ်ထင်မောင်ဦးစီးသော အင်အား ၃၀၀ကျော်သည် ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလအတွင်း ကေအဲန်ယူမှခွဲထွက် ကာ နအဖစစ်အစိုးရ နှင့် ပူးပေါင်းခဲ့သည်။ ထို့ နောက် ကေအဲန်ယူ-ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ တည်ထောင်ကာ နဘူးမြို့ နယ် ထိုးကော့ကိုးကျေး ရွာတွင် အခြေစိုက်ထားသည်။ ဗိုလ်ထင်မောင်နှင့်အတူ လိုက်ပါသွားသူများအနက်မှ ၇၈ဦးသည် ကေအဲန်ယူဘက်သို့  ပြန်လည်ထွက်ပြေး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Source: Karen Information Center (KIC)

No comments: