မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများ ဧပြီ ၃ ရက်နေ့တွင်မှ ကောင်းမွန်နိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေးက ထပ်မံကြေညာ လိုက်သည်။
ယခု ကြေညာချက်မှာ တတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမဆုံး ကြေညာချက်ကို မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ SEA - ME - WE - 3 အမည်ရှိ အင်တာနက် ပင်မရေအောက်ကျောရိုးလိုင်းကြီး ပြတ်တောက်သွားသဖြင့် ပြင်ဆင်နေရသဖြင့် မတ်လ ၂၅ ရက်နေ့မှ ပြန်လည် ကောင်းမွန်မည်ဟု ထို ပထမ စာတွင် ပါရှိသည်။
ဒုတိယအကြိမ်ထုတ်ပြန်သည့် စာထဲတွင်မူ ၂၅ ရက်နေ့တွင် ပြန်လည် မကောင်းမွန်နိုင်တော့ဘဲ ဧပြီ ၁ ရက်နေ့မှ ကောင်းမွန်နိုင်တော့မည်ဟု ရေးသားထားကာ ယနေ့ထုတ်ပြန်သော စာတွင်မူ ပြန်ကောင်းနိုင်မည့် ရက်ကို ၃ ရက်နေ့ဟု ပြန်လည် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ SEA – ME - WE – 3 လိုင်း ပြင်ဆင်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် ယာယီ လိုင်းတခု ပေးထားပြီး အင်တာနက်ကဖေးများ၊ ရုံးများနှင့် ကိုယ်ပိုင်အင်တာနက် လိုင်းများကို အသုံးပြုစေသည် ဟု သိရသည်။
ပြီးခဲ့တဲ့လ ကတည်းက ကြုံနေရတဲ့ ဒီပြဿနာဟာ လကုန်ပိုင်းလောက်မှာ ပြင်ဆင်လို့ ပြီး သွားလိမ့်မယ်လို့ မြန်မာတယ်လီပို့က မျှော်လင့်ထားပေမဲ့ အခုထိ အင်တာနက် ဆက်သွယ်မှုတွေ ဆက်ပြီး နှေးကွေးနေရတာနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းတဦးက
“ညီမတို့ အင်တာနက်ကွန်နက်ရှင် ရေအောက်မှာ ထားထားတဲ့ ဖိုင်ဘာ ကေဘယ်လ် က ဖြစ်တာ။ ညီမတို့က ၂၁ ရက်နေ့က စတာပါ။ ပထမတော့ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိကို Maintenance ကာလဆိုပြီး ကြေညာထားတာ။ ၂၅ ရက်ကျမှ မမျှော်လင့်နိုင်တဲ့ ပြင်ဆင်မှုဆိုင်ရာ အခက်အခဲတခုကြောင့် ၂၅ ကနေ ဧပြီ ၁ ရက်နေ့အထိ ပြန်ရွှေ့ရတာပါ။ ဧပြီ ၁ ရက်နေ့ကမှ တခါ ဧပြီ ၃ ရက်ကို ထပ်ရွှေ့ရတာ။ ဒီကြားထဲမှာ ထွက်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်ကို အချက်အလက်တွေသိရင် တင်ပြသွားပါလိမ့်မယ်။” လို့ပြောပါတယ်။
သတင်း-သူရ ( ကိုသူရ ကိုအထူးကျေးဇူးတင်ပါတယ်)

No comments:
Post a Comment