Tuesday, April 14, 2009

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ခရိုင်ငါးခု အရေးပေါ်အခြေအနေ ထုတ်ပြန်နှင့် နောက်ဆက်တွဲသတင်းများ


ထိုင်းနိုင်ငံခြားရေး ရုံးရှေ့ ဆန္ဒပြသူများ သံချပ်ကာ ကားပေါ်တက်ရောက် စီးနင်းနေပုံ(အေပီ ဘန်ကောက်)

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် အုံကြွမှုတွေ ကြီးထွားလာကြပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေအထိ ဖြစ်လာတဲ့အတွက် ဒီနေ့ဆိုရင် မြို့တော် ဘန်ကောက်နဲ့ အနီးတ၀ိုက်က ခရိုင် ၅ခုမှာ ထိုင်းအစိုးရ က အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ရပါတယ်။ ထိုင်းအစိုးရ ရုံးဝန်းထဲ အထိ ဆန္ဒပြသူတွေက ၀င်ရောက်ပြီးတော့ တိုက်ခိုက်တာမျိုးတွေအထိ အခြေအနေတွေဟာ ဆိုးရွား လာတာမို့ ဒါကို ထိန်းသိမ်းဖို့ ဆိုပြီး ထိုင်းဝန်ကြီးချုပ်က အခုလို ကြေညာလိုက်ရတာပါ။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်တဲ့အထိ ဖြစ်လာလို့ ထိုင်း အစိုးရက ဘန်ကောက်နဲ့ အနား ခရိုင် ၅ခုကို အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ရတာပါ။ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေကို ရွေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်အောင် ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့ နောက်ပိုင်း ဘန်ကောက်မြို့မှာ အစိုးရရုံးတွေကို ဆန္ဒပြတဲ့သူတွေက ပစ်မှတ်ထားလာပြီး၊ ဒီနေ့မှာတော့ အကြမ်းဖက် တိုက်ခိုက်တဲ့အထိ ဖြစ်လာတာပါ။ အထူးသဖြင့် ပြည်ထဲရေး ၀န်ကြီးရုံးထဲကို အတင်းဝင်လာပြီးတော့ ၀န်ကြီးချုပ် အဘီဆစ် ၀ိက်ချာချီဝ စီးနင်းလာတဲ့ ကားကို ကုလားထိုင်တွေ၊ ရေဗူးတွေ စတဲ့ နီးရာက ပစ္စည်းတွေနဲ့ ပစ်ပေါက် တိုက်ခိုက်လိုက်လို့ ၀န်ကြီးချုပ် လက်မောင်းမှာ ထိခိုက်မှုအနည်းငယ်ရပြီး နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ သူ့ကားကတော့ အတော်လေးကို ပျက်စီးသွားပါတယ်။ ၀န်ကြီးချုပ်ရဲ့လုံခြုံရေး တာဝန်ယူထားတဲ့ ဗိုလ်မှူးအဆင့် အရာရှိတယောက်ကိုလည်း ၀ိုင်ပြီး ထိုးကြိတ်ပြီး ဆန္ဒပြသူတွေက ဖမ်းသွားတယ်လို့သိရပါတယ်။

“အစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းခဲ့ပေမဲ့ အခြေအနေတွေက ဒီနေ့မှာ ပိုဆိုးလာလို့ လက်ရှိအခြေအနေအရ အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်လာလို့ အခုလို အစိုးရ လုပ်ရတာပါ” ၀န်ကြီးချုပ် အဘီဆစ်က ပြောပါတယ်။

အရေးပေါ် ကြေညာချက်ထုတ်ပြန် ပြီးတဲ့အခါမှာတော့ ဘန်ကောက်မြို့ထဲကို စစ်တပ်က တင့်ကားတွေ၊ သံချပ်ကာ ကားတွေ ၀င်လာပါတယ်။ အခုဆိုရင် အစိုးရ ရုံးရှိတဲ့ နေရာတ၀ိုက်မှာ နေရာယူထားတာ ရှိတယ်။ ဘန်ကောက်မြို့ရဲ့အဓိက လမ်းဆုံလမ်းခွ ၆ခုမှာ ထိန်းသိမ်းထားလိုက်ပြီ လို့လည်း ပြောပါတယ်။ အစိုးရကတော့ ဆူပူမှုတွေကို နှိမ်နင်းဖို့ စစ်တပ်က အသင့် ရှိနေတယ်။ ဆေးရုံတွေကိုလည်း အသင့်ပြင်ထားဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ညနေပိုင်းတုန်းက ၀င်လာတဲ့ သံချပ်ကာ ကားကို ဆန္ဒပြ အင်္ကျီ အနီဝတ် ထားသူတွေ တက်စီးသွားတာကို တွေ့လိုက်ရပါတယ်။ မနေ့တုန်းက ပတ္တယားမှာ ဆန္ဒပြသူတွေကို တိတိကျကျ အရေးယူ ကိုင်တွယ်ဖို့ ကိစ္စမှာ လုံခြုံရေး တပ်ဖွဲ့တွေက မနာခံတာတွေ ရှိတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ကြားရပါတယ်။

ဒုတိယ ၀န်ကြီးချုပ် ဆုထေး ကတော့ စစ်တပ်နဲ့ ရဲ လုံခြုံရေး အဖွဲ့တွေ တိတိကျကျ အမိန့်ကို လိုက်နာသွားဖို့ လိုတယ်လို့ ဒီနေ့ ထပ်ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက အမိန့်ကို ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလားမရှိဘူး ဆိုတာမျိုက တကယ်ဖြစ်နေတယ်ဆိုရင် အရေးပေါ် ကြေညာချက်ကို ထုတ်ပြန်ပေမဲ့လည်း လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းနိုင်ပါ့မလား မသေချာ တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး အရ ကွဲလွဲမှုတွေက အတော်ကို ကြီးကြီးမားမား ရှိနေတာပါ။ ဆန္ဒပြသူတွေ လိုလားတဲ့ ရားထူးဖယ်ရှားခံ ၀န်ကြီးချုပ်ဟောင် တက်ဆင် ရှီနာဝက် ကို ဆန့်ကျင် အုံကြွမှုတွေ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ အခုချိန်မှာ ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလလဲ ရောက်နေပြီ၊ မတည်မငြိမ်ဖြစ်နေတာတွေက ခရီးသွားလာတဲ့ သူတွေကို အနှောက်အယှက် ဖြစ်နေတာကို ထိုင်းပြည်သူတွေက မကြိုက်ပါဘူး။ အထူးသဖြင့် စီးပွားရေးအရ ရုန်းကန်နေရတဲ့အချိန်၊ လုပ်ငန်းကိုင်ငန်းတွေလည်း မကောင်းတဲ့အခြေအနေတွေ ဖြစ်နေတော့ ခရီးသွား လုပ်ငန်းတွေကို ထိခိုက်မယ်လို့ စိုးရိမ်နေကြပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီး မရှေးမနှောင်းမှာ စင်္ကာပူ နိုင်ငံခြားရေး ဌာနက သူ့နိုင်ငံသားတွေကို မလိုအပ်ဘဲနဲ့ ထိုင်းနိုင်ငံကို ခရီးမထွက်ဖို့၊ တကယ်လို့ မလွှဲသာ မရှောင်သာ သွားရမယ်ဆိုရင်လည်း ပဋိပက္ခတွေဖြစ်နေတဲ့ နေရာကို မသွားဖို့ ၊ ခရီးသွား အာမခံတွေကို ၀ယ်ပြီး သွားဖို့လည်း တိုက်တွန်းထားပါတယ်။ အခု ဆန္ဒပြပွဲတွေကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေထိခိုက်တယ်။ ထိုင်း ဘတ်ငွေ သန်းပေါင်းများစွာ ချီပြီး ထိခိုက်တာတွေ ရှိနေပါတယ် ခင်ဗျား။
http://revolution-8888.revolution-8888.co.cc


ဘန်ကောက်တွင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်၍ ၂ ဦးသေ ၁၂၀ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီးနောက် တနင်္လာနေ့၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို အားပေးထောက်ခံသည့် အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူများအား စတင် ပစ်ခတ်ခဲ့ရာ ၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများက ဘတ်စ်ကား အလွတ်များကို သိမ်းပိုက်၍ မီးရှို့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိရာသို့ မောင်းနှင်ခြင်းနှင့် ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြရာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ် ခြောက်လှန့်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်များက သတင်းပေးပို့သည်။

ထိုင်းတပ်မတော်မှ စစ်ဦးစီးမှူးဖြစ်သူက တရားဥပဒေ ပြန်လည်စိုးမိုးရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ ပစ်ခတ်ခြင်းမှာ ဘန်ကောက်မြို့ပေါ်ရှိ လမ်းမများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တင့်ကားများကို တနင်္ဂနွေနေ့မှ စ၍ နေရာချထားခဲ့အပြီး နောက်ဝယ် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ပထမဆုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာအနာတရဖြစ်သူ ၇၀ ဦးအနက် ၂၃ ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး ရေဒီယိုအချို့က ကြေညာသကဲ့သို့ ဆန္ဒပြသူ ၄ ဦး သေဆုံးသည် ဆိုသည်မှာ မမှန်ကန်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောဆိုခဲ့သည်။

လူဦးရေ ၁ သောင်းခန့် ရှိသည့် ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ရုံး တည်ရှိရာ နေရာအတွင်းတွင် စခန်းချကာ ဆက်လက် ဆန္ဒပြလျက်ရှိပြီး နောက်ဆုံး ရရှိသော သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိုဆန္ဒပြသူများ စခန်းချရာသို့ ထရပ်ကားများဖြင့် ချီတက်လာကြောင်း သိရသည်။

ထို့ပြင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဘန်ကောက်မြို့ရှိ ဘူတာရုံများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် အထင်ကရ နေရာများ၊ အဆောက်အအုံများတွင် တပ်စွဲထားပြီး ဖြစ်သည်ဟု ဆိုသည်။

ညနေ ၅ နာရီခန့်တွင် ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းပညာရေး ၀န်ကြီးဌာန၀င်းအတွင်းရှိ အဆောက်အအုံ တစ်ခု မီးလောင်သွားကြေင်းနှင့် ၇ ကြိမ်ခန့် ဗုံးများ ပေါက်ကွဲခဲ့သည်ဟု ထိုအဆောက်အအုံဝင်းရှိ အစောင့်တစ်ဦးက ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဆန္ဒပြသူများအား “အခြေအနေတွေကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပြီ ဆိုရင် ထိုင်းကို ချက်ချင်း ပြန်လာခဲ့ပါမယ်။ အာဏာပိုင်တွေ အနေနဲ့ အင်အားသုံး ဖြိုခွဲမယ်ဆိုရင် လုံးဝ လက်ခံမှာ မဟုတ်ပါဘူး” ဟု တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပြီး ထိုင်းတပ်မတော်ကိုလည်း ဆန္ဒပြသူများနှင့် ပူးပေါင်းကြရန် တောင်းဆိုခဲ့သည်။

ထိုင်းစစ်ဦးစီးမှူးကမူ ပြည်သူတွေအပေါ် အင်အားသုံးဖြိုခွဲမည်မဟုတ်ကြောင်းနှင့် အကြောင်းရင်းမှာ ၎င်းတို့အားလုံးသည် ထိုင်းလူမျိုးများ ဖြစ်ကြ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ ကာကွယ်ရန်အတွက်မူ လက်နက်အသုံးပြုရန် လိုအပ်ပါက အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် မကြာမီ အချိန်အတွင်း အခြေအနေ အားလုံး ပြေလည်သွားပြီး တရားဥပဒေ ပြန်လည်စိုးမိုးသွားမည်ဟု မျှော်လင့်ပါကြောင်း ပြောဆိုခဲ့သည်။

ဖြည့်စွက်သတင်း - ထပ်မံရရှိသော သတင်းများအရ ပစ်ခတ်မှုများကြောင့် ၂ ဦး သေဆုံးပြီး ၁၂၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထိုင်းစစ်တပ်က တပ်ဆင်ထောက်ခံသူများကိုဖြိုခွဲသည့်ပုံများ








တင်းမာနေသော ထိုင်းနိုင်ငံရေး

တပ်ဆင်ရဲ့ တယ်လီဖုန်း မက်ဆေ့ခ်ျကို ကြားရပြီးဝမ်းသာအားရဖြစ်နေတဲ့ ထိုင်းဆန္ဒပြ သမားများ
ဝန်ကြီးချုပ် အာဘီဆစ် ဦးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရ ကို ဆန်ကျင်တဲ့ ဆန္ဒပြသမားများကို ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာ က တယ်လီဖုန်းနဲ့  မိန့် ခွန်းပြောနေပုံဖြစ်ပါတယ်။ ဆန္ဒပြသမားများ က အာဆီယံအစည်းဝေး ကျင်းပရာ ကွန်ဗင်း ရှင်း စင်တာကို ဆန္ဒပြသမားများက စီးနင်း တိုက်ခိုက်လိုက်နိင် တဲ့အတွက် အာဆီယံ ခေါင်းဆောင်တွေအစည်းဝေး ပျက်သွားခဲ့ရတယ်။ ဒါဟာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းဝေးအတွက် အလားအလာမကောင်းပုံကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဆန္ဒပြသမားများ က တပ်ဆင်ကိုလိုလားသူများဖြစ်ပြီး အာဘီဆစ် အစိုးရကို နှုတ်ထွက်ပေးဖို့ နဲ့ ရွေးကောက်ပွဲထပ်မံကျင်းပပေးဖို့ တောင်းဆိုနေကြပါတယ်။ လက်ရှိ အစိုးရဟာ ကေအင်ယူကို ဖိအားပေးပြီး နအဖနဲ့ စကားပြောခိုင်းတဲ့လုပ်ရပ် ဖြစ်ပေါ်လာပြီး ၁ လအကြာမှာခုလိုပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။

ထိုင်းနိင်ငံရေးအခြေအနေကို ခြုံပြီးကြည့်ရင်မယ်ဆိုရင် အခြေအနေက ပြန်လည်တင်းမာ လာတော့မဲ့အခြေ အနေ ရှိနေတယ်။ ထိုင်းနိင်ငံမှာ အဓိကနိင်ငံရေး အုပ်စုနစ်ခုကြား မှာစေ့စပ်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီဖြစ်ပါတယ်။ တပ်ဆင်ကိုလိုလားတဲ့အုပ်စုနဲ့လက်ရှိ အစိုးရ ကိုလိုလားတဲ့အုပ်စု နစ်ခုဖြစ်လာပါတယ်။ တပ်ဆင်ကိုလိုလားတဲ့ အုပ်စုက တော့ တပ်ဆင်နဲ့  တခြား အတိုက်အခံပါတီတွေဖြစ်တယ်။ သူတို့ ရဲ့  အဓီက အင်အားက ကျေးလက်နဲ့  ပြည်သူတွေ နဲ့ အောက်ခြေလူထုတွေကိုအခြေခံထားတယ်။ တပ်ဆင်ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုပေါ်လစီတွေပေါ်မှာသူတို့ အတွက် အကျိုးရှိခဲ့တယ်လို့  ခံယူကြတယ်။

လက်ရှိအစိုးရကို လိုလားသူတွေဖက်မှာတော့ ထိုင်းဘုရင်၊ ဘုရင့် အကြံပေးများ၊ ဒီမိုကရက်များ၊ လူလတ်တန်းစားများနဲ့  စစ်တပ်ကပါ ကြောထောက်နောက်ခံပေးထားတဲ့ အတွက်အလွန် အင်အားတောင့်တဲ့ နိင်ငံရေး အဖွဲ့ ကြီးဖြစ်နေတယ်။ စေ့စပ်ရေးကို နည်းပရိယယ်တခုလို လက်ခံလေ့ရှိတဲ့၊သည်းခံတဲ့နေရာမှာ နာမည်ထွက်လေ့ရှိတဲ့ ထိုင်းလူမျိုးတွေနဲ့ ထိုင်းနိင်ငံရေးအသိုင်းအ၀ိုင်း ကြားမှာ ဒီတခါတော့ ဒီအရည်အချင်းတွေပျောက်ဆုံးနေပြီး တဖွဲ့ တဖွဲ့ အပြတ်ချေမှုန်းမဲ့ အနေထားကို ရောက်နေတယ်။ ဒီနစ်ဖွဲ့လုံးဟာ မြန်မာ့ အရေးပေါ်မှာ သဘောထားမမှန်ကြဘူး။

No comments: