Tuesday, April 07, 2009

နာဂစ်ဒေသမှ လယ်သမားများအား FAO က ကျွဲနွားများ ထပ်မံလှူဒါန်းမည်

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများမှ လယ်သမားများအား ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO)က ကျွဲနွားများအပါအဝင် ကြက်၊ ဝက်နှင့်ဘဲများ ထပ်မံပေးအပ် လှူဒါန်းသွားမည်ဟု သိရသည်။

ပြည်တွင်းထုတ် အပတ်စဉ်စာစောင်ဖြစ်သော Bi-Weekly Eleven ဂျာနယ်မှ သတင်းကိုကိုးကား၍ စင်ဟွာသတင်းဌာနက ဖော်ပြရာတွင် FAO က လယ်သမား ၄၀၀ ခန့်အတွက် ကျွဲနွား ၈၀၀ ခန့်နှင့် လယ်ယာစိုက်ခင်းများ ဆုံးရှုံးခဲ့ရသည့် မိသားစုများအား ကြက်၊ဘဲနှင့် ဝက်များကို ဝေငှသွားမည်ဟု ပါရှိသည်။ ထို့အပြင် ထိုတိရစ္ဆာန်များအား မည်သို့စနစ်တကျ မွေးမြူရမည်နှင့် ကျန်းမာရေးနှင့်ညီညွတ်အောင် မည်သို့လုပ်ဆောင်ရမည်များကိုပါ သင်တန်းပေးသွားမည်ဟု သိရသည်။ ကျွဲနွားများ ပေးအပ်သွားမည့် မြို့များတွင် နာဂစ်မုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်သွားသည့် ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ငပုတောမြို့များပါဝင်သည်ဟု သိရသည်။

FAO သည် နိုင်ငံတကာအစိုးရများနှင့် ပူးပေါင်း၍ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ လယ်သမားများကို အကူအညီများ ပေးအပ်လျက်ရှိရာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်လာမည်ဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းက ပထမအကြိမ်အဖြစ် ကျွဲနွား ၆၀၀ နှင့် ကြက်ဘဲ ၈ သောင်းကျော်ကို ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းက ကြက်၊ ဘဲနှင့် ဝက် ၁ သောင်းခွဲခန့်ကို လပွတ္တာမြို့နယ်အတွင်းရှိ ရွာ ၁၆ ရွာကို လှူဒါန်းခဲ့သည်။ ယခုအကြိမ်လှူဒါန်းမှုတွင် ဂျပန်အစိုးရ၏ အထောက်အပံ့များ ပါဝင်သည်ဟု သိရသည်။

ယမန်နှစ်မေလဆန်းက တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးမှုများ အထူးပင်များပြားခဲ့သဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ တတ်နိုင်သရွေ့ကူညီလျက်ရှိသည်။

Source : Xinhua

No comments: