အမေရိကန်နိုင်ငံရှိ Freddie Macကော်ပိုရေးရှင်း လုပ်ငန်းစုကြီး၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး အကြီးအကဲ ဒေးဗစ်ကာလာမန်းသည် မိမိကိုယ်ကိုယ် သတ်သေသွားသည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် သေဆုံးနေကြောင်း ရဲများက ပြောကြားခဲ့သည်။ ဖဲဖက်စ်ခရိုက် ရဲဌာနသည် ဧပြီလ(၂၂)ရက်နေ့ နံနက် (၄း၄၈)နာရီတွင် အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် ကာလာမန်း၏ ဗာဂျီးနီးယားနေအိမ်သို့ ချက်ချင်းသွားရောက်ခဲ့သော်လည်း ၎င်း၏အသက်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။

ကာလာမန်း၏အလောင်းကို နေအိမ်မြေအောက်ခန်းတွင် တွေ့ရှိခဲ့ကြောင်း ရဲများက ထုတ်ဖော်ပြောဆိုသွားသည်။ အသက်(၄၁)နှစ်ရှိ ကာလာမန်းတွင် ဇနီးသည်ဒွန်နာနှင့် (၅)နှစ်အရွယ် သမီးလေး ဂရေ့စ်တို့ ကျန်ရစ်ခဲ့ကြောင်း Freddie Macကုမ္ပဏီက ကြေညာသည်။ ကာလာမန်းအနေနှင့် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကုမ္ပဏီတွင် ငွေကြေးဆုံးရှုံးမှု အရှုပ်အထွေးများပေါ်ပေါက်လာမှုကို မဖြေရှင်းနိုင်သဖြင့် သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ထားသည်။

ကာလာမန်းနေထိုင်သော ဟန်းတားမေးလ်အိမ်ရာမှ အိမ်နီးချင်းတစ်ဦးဖြစ်သူ ပေါလ်အူလ်ဂါက “ဒီလူက တကယ့်လူတော်တစ်ယောက်ပါ။ မိသားစုကိုလည်းကြင်နာပြီး လူချစ်လူခင်လည်း ပေါတယ်။ သူဒီလိုလမ်းကို ရွေးလိုက်မယ်လို့ လုံးဝမထင်မိဘူး”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ Freddie Macသည် အကြွေးစာချုပ်များ အရောင်းအ၀ယ်ပြုလုပ်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး လက်တလောကာလတွင် စီးပွားပျက်ကပ်မှုဒဏ်ကို ခံနေရသည့် လုပ်ငန်းကြီးလည်းဖြစ်သည်။ ယမန်နှစ်အတွင်း Freddie Macသည် အမေရိကန်ဒေါ်လာ (၅၅၀)ဘီလျံထိ ဆုံးရှုံးခဲ့ပြီး အမေရိကန်အစိုးရက ကုမ္ပဏီသို့ ဒေါ်လာ(၄၅)ဘီလျံမျှ ထောက်ပံ့ကြေး ပေးထားရကြောင်း သတင်းရရှိသည်။
သတင်း-true myanmar

(ကာလာမန်း၏ ရုပ်အလောင်းအား သယ်ယူသွားစဉ်)

No comments:
Post a Comment