တဆင့်ခံ အလုပ်များဖြင့် ရွှေဖြစ်၊ ငွေဖြစ်၊ စီးပွား ဖြစ်နေသော စင်ကာပူနိုင်ငံ ကဲ့သို့ နိုင်ငံများသည် ပညာရေး ဝန်ဆောင်မှု လုပ်ငန်းကိုလည်းဈေးကွက် ရှာဖွေ အရောင်းမြှင့်တင် ပရိုမိုးရှင်း လုပ်ကြလေ့ ရှိရာ ဒေသတွင်း နိုင်ငံများ အနက် မြန်မာနိုင်ငံ ရန်ကုန်တွင်လည်း တွင်တွင်ကျယ်ကျယ် တွေ့လာရ၏။ နိုင်ငံတကာ ပညာရေး ခေါင်းစီး အောက်တွင် မားကက်တင်း ဆင်းခြင်း တစ်မျိုးပင် ဖြစ်လေသည်။ စင်ကာပူ၊ မလေးရှား၊ လေ့လာရေး ခရီးစဉ် ဆိုပြီး ကမကထ စီစဉ်သူကလည်း စီစဉ် အနောက်နိုင်ငံ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသည် ဆိုသည့် စင်ကာပူ တက္ကသိုလ် ကျောင်းမှ ပုဂ္ဂိုလ်များ ဟောပြောပွဲများ ကျင်းပသူကလည်း ကျင်းပနှင့် ရန်ကုန်မြို့ရှိ ဟိုတယ် ခန်းမများ စနေ၊ တနင်္ဂနွေရက် ဆိုလျှင် ကျောင်းကြော်ငြာပွဲများ သက်သက်ဖြင့် လူစည်သည်။ အဲလို အထဲတွင် ဂျာနယ်များကို ဖိတ်သဖြင့် ဂျာနယ်လစ် များလည်း သူတို့ ပွဲများဆီ ရောက်ကြရသည်။ နိုင်ငံတကာ မြင်ကွင်း၊ တိုးတက်မှုများ လေ့လာခွင့် ရလျှင် ကောင်းပါသည်။ သို့ရာတွင် ဂျာနယ်များကို ဖိတ်တတ်သည့် Seminar ပွဲအများစုမှာ ကျောင်းကြော်ငြာ ထိုးသည်ကသာ များလေသည်။ ဤမျှနှင့်မကသေး ဂျာနယ်တိုက်များသို့ သတင်း ရေးပေးပါရန် ကျောင်းကြော်ငြာ စာတို၊ စာရှည် များကလည်း မကြာမကြာ ရောက်လာ တတ်သေး၏။ မြန်မာ ကျောင်းသားများ ဘယ်နှယောက် စရိတ်ကျေ၍ တွက်ချေ ကိုက်သလဲတော့ မသိ၊ နိုင်ငံတကာ ကျောင်းမားကက်တင်း များက ရန်ကုန်တွင် ဖွေးဖွေးလှုပ် နေသည်။ သို့နှင့် အလုပ်ဖြစ်သော စီးပွားရေး လုပ်ငန်းများတွင် ပညာရေး ပွဲစား လုပ်ငန်းလည်း ပန်းပန်လျက် ရှိနေပြီလား ဆိုရမလိုပင်ဖြစ်နေပါသည်။
သတင်း-http://www.snapshot-news.com
1 comment:
မှန်ပါတယ် ........ ပညာရေးတော့ အားပေးပါတယ်......
ဒါပေမယ့် သေချာလေ့လာ စုံစမ်းပြီးမှ ဆုံးဖြတ်စေလိုပါတယ်.......
ကုန်ကျတဲ့ ငွေတွေကလည်းတကယ်မနည်းပါဘူး
ဘာပဲဖြစ်ဖြစ် အရင်းပြန်ကျေဖို.လည်းလိုပါတယ်.........
ပွဲစားတွေ အနေနဲ.လည်း စေတနာနဲ. ဆောင်ရွက် မယ် အမှန်တကယ်လည်း လေ့လာပြီးမှ ပြန်ချပြမယ်ဆို ရင် ပို ကောင်းမယ်လို. ထင်ပါတယ် ......
ကိုယ်လည်းဝန်ဆောင်ခရ ၊ တကယ့် ဘ၀လေးတွေလည်း လှ ပေါ့ နော်........ ကုသိုလ်လည်းရ
ဝမ်းလည်းဝတဲ့ အလုပ်ပါ ...........
Post a Comment