ထိုင်းနိုင်ငံမဟာချိုင်နယ်မြေအတွင်းရှိ ပုဇွန်လုပ်ငန်းခွင်အလုပ်သမားများနှင့် ခြုံဘူရီဒေသရှိ ဆန်စက်အလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေရသည်။ မဟာချိုင်ဒေသ အတွင်းရှိ Ongkorn C.O.Ltd-ကုမ္ပဏီ၊ မြန်မာအလုပ်သမားများအခေါ် OCS(လိမ္မော်)ရောင်ရုံ ပုဇွန်ရုံမှ၃နှစ်မှ ၆နှစ်အတွင်းလုပ်သက် ရှိသူမြန်မာအလုပ်သမား(၇)ဦးတို့အား နှစ်သစ်ကူး ကာလကအလုပ်ရပ်နား ခဲ့သည်။
အသက်၄၆ နှစ်အရွယ် အဆိုပါအလုပ်ရုံတွင် ငါးနှစ်ကျော်ကြာဆက်တိုက်အလုပ်လုပ်ကိုင်ခဲ့သူ ဦးသောင်းက“ကျနော်ပီမိုင်မတိုင်ခင်ဆေးခွင့်ယူပါတယ်။ နေကောင်းသွားတော့ ဆေးရုံက စာရွက်စာတမ်းတွေနဲ့ သွားပြပါတယ်။ ပီမိုင်ပြီးတော့ တရုတ်နှစ်သစ်ကူးပြီး ခက်ပြန်ခေါ်မယ်ပြောပါတယ်။ ထပ်သွားတော့ သင်္ကြန်းပြီးလာခဲ့။ ပြီးတော့ မေဒေးနေ့လာခဲ့ ဒီလိုပဲ ခေါ်လိုက်သွားလိုက်နဲ့ ကျနော်တို့ကိုအလုပ်ပြန်မခန့်တော့ဘူး။ အစတုန်းကကျနော်တို့ လူ(၇)ယောက်ပါ။ ခုအခြားကိုအလုပ်ဝင်သွားကြပြီ။ခု ကျနော်တို့လေးယောက် ကျန်သေးတယ်။ အလုပ်ပြန်ရမယ်ထင်လို့စောင့်နေတာ ကျနော်တို့လေးလကျော်သွားပြီး အခက်အခဲတွေဖြစ် နေကြရတာပေါ့။ ကျနော်တို့ကိုလူဟောင်းတွေ မယူတော့ဘူးလို့ပြောတယ်။ ဘတ်လည်း ကျနော်တို့ အဲဒီမှာလုပ်ထားတယ်။ ခုစာရွက်စာတမ်းသွားတောင်းလည်းမရဘူး’’ ဟုပြောသည်။
လူဟောင်းအလုပ်သမားများကို မည်သည့်အကြောင်းကြောင့် လက်မခံသည်ကို မသိရှိရသော်လည်း စနေ တနင်္ဂနွေမှလွဲ၍ ကျန်နေ့များတွင်လူသစ်များကို အမြဲလက်ခံလျှက်ရှိကြောင်းသူကပြောသည်။ အလားတူ ထိုင်းနိုင်ငံရပ်ခ်ျဘူရီခရိုင်။ တန်ဘွန်နမ်ကယောက်၊အန်ဖေ ဘိုထာလန် အမှတ်၅၀/၁ ရှိ ဖွိုင်ချော့ ဖိုင်စစ် ဆန်စက်တွင် မြန်မာအလုပ်သမား၁၄ဦး အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုကို ခံနေ၇သည်။ ဆန်စက် အလုပ်သမား ကိုအောင်ကျော်က “ကျနော်တို့မနက်၇နာရီခွဲကနေ နေ့လည်၁၂နာရီထိ လုပ်ပြီးနေလည်၁၂နာရီ မိနစ်၄၀ဆိုရင်ပြန်ဆင်းရတယ်။ ညနေ ၆နာရီမှအလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာနာရီဝက်၊ နေလည်ထမင်းစားချိန် မှာမိနစ်၂၀ ညနေပိုင်းမှာ ၁နာရီအပိုလုပ်ပေးနေရတယ်။ လုပ်အားခကပိုမပေးပါဘူး။ လူသစ်ကို တစ်နေ့ ၁၅၀ လူဟောင်းဆိုရင် ၁၈၀ ပဲရပါတယ်။ အဆိုးဆုံးကလုပ်အားခ ၁၅ ရက်စာထုတ်မပေးဘူး။ ရက်ပေါင်ထားရတယ်။ ထွက်မယ် ဆိုရင်အဆုံးခံပြီးထွက်ရတယ်။ သွားတောင်းရင်ပဲဖြစ်ဖြစ် အလုပ်ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ် သူဌေးကို သွားပြောရင်ပုလိပ်ကိုအဖမ်းခိုင်းလိုက်တော့တာပဲ’’ ဟုပြောသည်။
အဆိုပါဆန်စက်တွင်မြန်မာအလုပ်သမား ၁၄ဦးရှိပြီး မမြင့်မြင့်အေးမှာ လုပ်ငန်းရှင်၏ နေအိမ်တွင် အိမ်အလုပ်လုပ်ရသည်ဟုဆိုသည်။ သူမက “ကျမမနက်၅နာရီမှာ ထပြီးသူဌေးအိမ်ကို သွားရပါတယ်။ အလုပ်သမားတွေထမင်းစားဖို့ချက်ရပါတယ်။ ဒီအိမ်မှာလူ ၆ ယောက်ရဲ့ အ၀တ်အစားတွေကိုလက်နဲ့ လျှော်ရပါတယ်။ အ၀တ်လျှော်စက်လည်းမရှိဘူး။ တနေ့ကိုထမင်းသုံးကြိမ်ချက်၊ အ၀တ်လျှော်၊နေ့လည်ဘက်ကြမ်းတိုက် ၊ မီးပူတိုက်၊ အပင်တွေရေလောင်း၊ ညနေ ၈နာရီမှပြန်ရပါတယ်၊ တစ်နေကုနနားရတယ်မရှိဘူး။ တနေ့လုပ်အားခ ၁၁၀ ဘတ်ပေးပါတယ်၊ နေမကောင်းလို့နားလို့မရဘူး၊ ကျမပင်ပန်းလွန်းလို့ တော်တော်စိတ်ပျက်မိပါတယ်’’ ဟုပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း၏ အမျိုးသမီးရေးနှင့် စည်းရုံးရေးမှူး ဒေါ်သက်သက်ဦက “အလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သမားရုံးမှာ သွားပြီးအမှုရင်ဆိုင်မယ်ဆိုရင် လိုအပ်တဲ့ အထောက်အထားတွေ ပြည့်စုံရပါမယ်။ ပြီတော့ကျမတို့အနေနဲ့ နယ်မြေခြားပြီးသွားရောက်ကူညီ လိုမရနိုင်ပါဘူး၊ နယ်မြေအခြေစိုက် အလုပ်သမားအရေဆောင်ရွက်တဲ့ အင်ဂျီအိုတွေထိထိရောက်ရောက် ကူညီ ပေးမှုလိုအပ်တယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ချိန် သတ်မှတ်ထားသလိုလုပ်ခလည်း သတ်မှတ်ထားပေမယ့် မြန်မာအလုပ်သမားတွေဟာ နေရာတိုင်းမှာ အခွင့်အရေးချိုးဖေါက်မှုကို ခံနေကြရပါတယ်။ ကျမတို့ကိုယ်တိုင် ကလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့်မရတော့ အလုပ်သမားတွေအတွက်ပိုပြီး အကာအကွယ်မဲ့ပါတယ်’’ ဟုပြောသည်။ ဆန်စက်လုပ်သားများအပါအ၀င် အိမ်အလုပ်လုပ်သူများထံမှ ပုလိပ်ကြေးဆိုပြီးတစ်လကို ဘတ်၅၀၀စီဖြတ်ကြောင်း၊ အချိန်ပိုအခမဲ့လုပ်ပေးရမှု မနားမနေခိုင်းစေခံရရုံသာမက ကျေးကျွန်သဖွယ်ဆဲဆိုခံရမှုနှင့် ရက်ပေါင်ကြေး၁၅ ရက်အလကားလုပ်ပေးရမှုတို့ကို မကြေးနပ်၍ အလုပ်သမားများ ထွက်သွားကြသော်လည်း အဆိုပါအလုပ်ရုံသို့ လူလိုသလောက်ကိုမွန်လူမျိုး ကိုမောင်မြင့် ကလူလာသွင်းပေးလေ့ရှိကြောင်း နှစ်ရှည်ကရင် အလုပ်သမား ကိုထူးအံ့ကပြောသည်။
သတင်း....ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment