အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဘာရက်အိုဘားမား၏ မကြာသေးမီက စီအိုင်အေ လျှို့ဝှက်နှိပ်စက် ညှင်းပန်းမှုများ ဖော်ထုတ်သည့် စီမံချက်သည် အကျိုးသက် ရောက်မှုဖြစ်ပေါ်လာခဲ့သည်။ ထွက်ပေါ်လာသည့် သတင်းများအရ ယခင် အစိုးရ ပုဂ္ဂိုလ် တစ်ဦးနှင့် ဆက်နွယ်နေကြောင်း တွေ့ရသည်။ ထိုပုဂ္ဂိုလ်မှာ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ် ဖြစ်သည်။ ၂၀၀၂ ခုနှစ် အမျိုးသားလုံခြုံရေး အကြံပေးတစ်ယောက် အနေဖြင့် ရိုက်စ်သည် ရေလောင်းစစ်ဆေးမှုကို ကိုယ်တိုင်ပင် အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။ ဆီးနိတ်ထောက်လှမ်းရေး ကော်မတီ၏ လုံခြုံရေးအဆင့် ပယ်ဖျက်ထားသည့် စာရွက်စာတမ်းများအရ အယ်လ်ကေဒါဟု သံသယရှိသူ အဘူဇူဘေဒါအား ရေနှစ်စစ်ဆေး သည့် နည်းလမ်းအတည်ပြုပေးခဲ့သည် ဟုသိရသည်။ ရေနှစ်စစ်ဆေးခြင်းကို မစ္စရိုက်စ်က နှုတ်အားဖြင့် သဘောတူချက်ပေးခဲ့ခြင်းဖြစ်သည်။ ဆီးနိတ်ကော်မတီက ဘုရှ်အစိုးရအတွင်း ထိုသို့နှိပ်စက်ညှဉ်းပန်းမှု မျိုးကို ဆွေးနွေးခဲ့ကြကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ ကွန်ဒိုလီဇာရိုက်စ်သည် ဆီးနိတ်ရှေ့မှောက်၌ စီအိုင်အေ၏ ပြင်းထန်သည့် နည်းလမ်းများဖြင့် စစ်ဆေးခဲ့သည်ကို ယခင်က သက်သေခံထွက်ဆို ခဲ့ဖူးသည်။ထွက်ပေါ်လာသော သတင်းအသေးစိတ် အရ ကွန်ဒိုလီဇာရိုက်စ်က ထိုကဲ့သို့ နှိပ်စက် မှုမျိုး အတည်ပြုပေးရာတွင် ပါဝင်ပတ်သက် နေကြောင်းတွေ့ရသည်။ သမ္မတ ဘာရက် အိုဘားမားက အမေရိကန် တရားရေးရာ ဌာနမှ အရာရှိများအား ခေါ်ယူ၍ အကြမ်းဖက်သမား အဖြစ် သံသယရှိသူများအား နှိပ်စက်ညှဉ်းပန်းခဲ့သော စီအိုင်အေ အေးဂျင့်တို့ကို ရာဇ၀တ်မှု ကျူးလွန်သည့် လုပ်ရပ်အဖြစ် ခေါ်ဆိုနိုင်ခြင်း ရှိမရှိ စဉ်းစားစေမည်ဟု ဆိုသည်။ ခေါ်ယူ စစ်ဆေးမေးမြန်း မည့်စာရင်းတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ပါဝင်ပတ်သက် မပတ်သက်ကို မသိရသေးဟု ၄င်းကပြောကြားခဲ့သည်။ ရိုက်စ်သည် သူမ၏ အတွေ့အကြုံ မှတ်တမ်းများ ရေးသားရာတွင် စီအိုင်အေ နှိပ်စက်ညှဉ်းပန်းမှုတွင် ပါဝင်ကြောင်း အမှန်ဖော်ပြထားမည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်ဟု ဆိုသည်။ သူမ၏ မှတ်တမ်း ပထမတွဲကို ၂၀၀၁- ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။
သတင်း-MMIC
No comments:
Post a Comment