Monday, October 12, 2009

ကီရာနိုက်တလေက လူတကာကိုမြှူဆွယ်တော့မယ်


ရုပ်ရှင်ရိုက်ကွင်းတွေက ခဏနားနေတဲ့အတွက် ကီရာနိုက်တလေတစ်ယောက် ဇာတ်ရုံတွေဘက်ကို ခြေဦးလှည့်ဖို့ အခွင့်အရေး ရသွားခဲ့ပါပြီ။ Duchessနဲ့ Pirates of Caribbean ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ဗြိတိသျှစတား မင်းသမီးဟာ ဒီဇင်ဘာလထဲမှာ ပြဇာတ်တစ်ခု ၀င်ကပြဖို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။

ဝက်စ်အန့်ဒ်မှာလုပ်မယ့် အဲဒီပြဇာတ်မှာ ကီရာဟာ လူတကာကို မြှူဆွယ်တတ်တဲ့ ဟောလီးဝုဒ် မင်းသမီးနေရာက ပါဝင်ရမှာပါ။ ဒီဇင်ဘာ (၁၇)ရက်နေ့မှာ စပြီးကပြမယ့် Misanthropeပြဇာတ်ဟာ (၁၇)ရာစု ပြဇာတ်တစ်ပုဒ်ကို ခေတ်အမြင်နဲ့ ဆန်းသစ်ထားတာပါ။ ကီရာဟာ ဒီပြဇာတ်အတွက် Royal Shakespeareကုမ္ပဏီနဲ့ လက်တွဲခဲ့ပြီး ပြဇာတ်မင်းသား ဒါမီယန်လီးဝစ်နဲ့အတူ ဒီဇင်ဘာ (၇)ရက်နေ့မှာ ကြိုပြီး အစမ်းလေ့ကျင့်မှာ ဖြစ်ပါတယ်။

အော်စကာ ဆန်ခါတင် စာရင်းထဲ ပါဖူးတဲ့ မင်းသမီးဟာ ခုကတည်းက ပြဇာတ်အတွက် တက်ကြွနေပြီး အသံလေ့ကျင့်ခန်း ဆရာတစ်ယောက်ကိုငှားပြီး ခုကတည်းက အဆို၊ အပြောတွေ လေ့ကျင့်နေသလို သီချင်းဆိုလည်း ပြန်ကျင့်နေပါတယ်။

တကယ်တော့ ပြဇာတ်လောကမှာ ကီရာဟာ လူသစ်တန်းလောက်သာ ရှိမှာဖြစ်တာကြောင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ကီရာဟာ ပြဇာတ်သရုပ်ဆောင် အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတာပါ။ အမေဖြစ်တဲ့ ရှာမန်မက်ဒေါနယ်လ်ဟာ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေ ရေးပေးဖူးသလို အဖေဖြစ်တဲ့ ၀ီလ်နိုက်တလေကလည်း ပြဇာတ်တွေမှာ ၀င်သရုပ်ဆောင်ဖူးတဲ့ မင်းသားတစ်ယောက်ပါ။

“ကျွန်မသွေးထဲမှာ ပြဇာတ်ကိုချစ်တဲ့စိတ်က စီးဆင်းနေပြီးသားပါ”လို့ ကီရာက ပြောခဲ့ဖူးပါတယ်။ Misanthropeမှာ ကီရာဟာ အဓိက အမျိုးသမီးဇာတ်ဆောင် ဖြစ်လာပေမယ့် ဇာတ်တစ်ခုလုံးကို သယ်သွားမှာကတော့ မင်းသားဒါမီယန်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ဟာ မင်းသားအသားပေး ဇာတ်လမ်းတစ်ခု ဖြစ်နေလို့ပါပဲ။ မင်းသားဒါမီယန်က သူနဲ့တွဲသရုပ်ဆောင်ရမယ့် အသက်(၂၄)နှစ်အရွယ် ကီရာနဲ့ ပတ်သက်ပြီး “Misanthropeမှာ ကီရာဟာ ပရိသတ်ရဲ့ စိတ်ဝင်တစား စောင့်ကြည့်တာကို ခံရပါလိမ့်မယ်။ သူဟာ ရုပ်ရှင်လောကမှာ နာမည်ကြီးပြီးသား မိန်းကလေးပါ။

ပြဇာတ်ထဲမှာ သူဘာလုပ်လုပ် လူတွေက ဂရုစိုက်ပြီး ကြည့်ကြမှာပါပဲ။ သူ့လိုမင်းသမီးနဲ့ တွဲသရုပ်ဆောင်ရမယ့်အတွက် ကျွန်တော်ကျေနပ်မိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ ကီရာဟာ လောလောဆယ် ရုပ်ရှင်လောကက ခဏလေးနားထားပေမယ့် Slumdog Millionaireဇာတ်ကား ဒါရိုက်တာ ဒန်နီဘွိုင်းလ်ရိုက်မယ့် My Fair Ladyဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အမေရိကန်မင်းသမီး စကားလက်ဂျိုဟန်ဆန်နဲ့အပြိုင် ရေပန်းစားနေပါတယ်။

No comments: