Monday, October 12, 2009

စိတ်ပညာဆရာဝန်နဲ့ ကုသခဲ့ရတဲ့ ပြင်သစ်သမ္မတကတော်


ကိုယ်တိုင်ကလည်း လှပချောမောသူတစ်ယောက်ဖြစ်တယ်။ ချမ်းလည်းချမ်းသာတယ်။ လူတွေအပေါ်မှာလည်း ဩဇာလွှမ်းမိုးမှုကြီးမားတယ်။ နောက်ပြီးတော့ ကိုယ့်ကိုလည်း သိပ်ချစ်တဲ့ ကမ္ဘာသိ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ခင်ပွန်းတော်စပ်ခွင့် ရထားခဲ့တယ်။ ဒါပေမယ့်လည်း ကာလာဘရူနီ ဆာကိုဇီဟာ သူ့စိတ်ထဲမှာ အမြဲတမ်း အလိုမကျ ဖြစ်နေတတ်တယ်လို့ ထုတ်ပြီးဝန်ခံသွားခဲ့ပါတယ်။

ပြင်သစ်သမ္မတ နီကိုလက်စ် ဆာကိုဇီရဲ့ ချစ်လှစွာသော ဇနီးမယားဟာ လွန်ခဲ့တဲ့ (၈)နှစ်လုံး စိတ်ပညာ ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးကုသမှုတွေ ခံယူခဲ့ပါတယ်လို့ ပြင်သစ် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။ အရင်တုန်းက အဆိုတော်နဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ သမ္မတကတော်ဟာ သူ့ဘ၀အကြောင်း မှတ်တမ်းဇာတ်ကား တစ်ခုကို ရိုက်ကူးနေတုန်း ခုလိုမျိုး ပြောပြခဲ့တာပါ။ ဒါပေမယ့် ကာလာဘရူနီရဲ့ စိတ်ကိုဖိစီးနေတဲ့ အကြောင်းအရာကိုတော့ မသိရသေးပါဘူး။ ပြင်သစ်နိုင်ငံက plurielles.frဆိုတဲ့ ၀က်ဘ်ဆိုက်ကတော့ သမ္မတကတော်ရဲ့ အကျင့်တွေ၊ အလေ့အထတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနေရတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။


“ကာလာဘရူနီဟာ လွတ်လွတ်လပ်လပ် နေတတ်သူပါ။ ဒါပေမယ့် အစဉ်အလာအရ ပြင်သစ်သမ္မတကတော်တွေ ဘယ်လိုနေထိုင် ပြုကျင့်ရသလဲဆိုတာကို လေ့လာပြီး ပြည်သူတွေ လေးစားကြည်ညိုအောင် သူကြိုးစားရပါလိမ့်မယ်။ ဒါဟာသူ့အတွက်တော့ တကယ့်ကို စိတ်ရှုပ်စရာ ဖြစ်နိုင်ပါတယ်”လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့(၈)နှစ်က ကာလာဘရူနီဟာ သမ္မတကတော် မဖြစ်သေးတာက စဉ်းစားစရာပါပဲ။ အသက်(၄၁)နှစ် ရှိပြီဖြစ်တဲ့ ကာလာဘရူနီဟာ လွန်ခဲ့တဲ့ (၂)နှစ်ကမှ သမ္မတ နီကိုလက်စ်နဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် မီဒီယာတွေရှေ့မှာ ပိုပြီးထင်ရှားလာခဲ့တာပါ။ ဒါပေမယ့် အရင်မော်ဒယ်လ် ဘ၀တုန်းက အရိုက်ခံခဲ့တဲ့ ကာလာဘရူနီရဲ့ ၀တ်လစ်စားလစ် ဓာတ်ပုံတွေကို ပြင်သစ်မဂ္ဂဇင်းတွေက ခုထိဖော်ပြနေကြတုန်းပါပဲ။ သမ္မတကတော်ဟာ ပြင်သစ်သမ္မတကို အဓိကကြိုးကိုင်နေတယ်လို့ စွပ်စွဲမှုတွေလည်း ကြုံနေရသူပါ။ အတိုက်အခံအချို့ကဆိုရင် ကာလာဘရူနီကို “ရာဇပလ္လင်နောက်က စွမ်းအားရှင်”လို့တောင် နာမည်ပေးပြီး လှောင်ပြောင်နေကြပါတယ်။ ကာလာဘရူနီဟာ သမ္မတကြီးရဲ့ နိုင်ငံအုပ်ချုပ်ရေး မူဝါဒတွေကို စွက်ဖက်နေတဲ့သူလို့လည်း ပြင်သစ်ပြည်သူ တချို့က ထင်နေကြတာပါ။

ဘာကြောင့်လဲဆိုတော့ ကာလာဘရူနီဟာ သူ့သူငယ်ချင်း ဖရက်ဒရစ် မစ်တာရန်းကို ယဉ်ကျေးမှုဝန်ကြီး ခန့်အပ်ဖို့ ခင်ပွန်းသည်ကို အမြဲဆော်ဩနေလို့ပါပဲ။ ကံများမကောင်းချင်တော့ မစ်တာတန်ဟာ မကြာသေးခင်က ထိုင်းကိုရောက်တုန်း အမျိုးသား ပြည့်တန်ဆာတွေခေါ်ပြီး လိင်အပျော်အပါး လိုက်စားခဲ့တယ်ဆိုတာ တရားဝင် ၀န်ခံလိုက်တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်မှာတော့ ပြင်သစ်မီဒီယာတွေဟာ ကာလာဘရူနီတစ်ယောက် (၈)နှစ်လုံးလုံး စိတ်ရောဂါ အထူးကုတစ်ယောက်နဲ့ တိုင်ပင်နေရတဲ့ အကြောင်းရင်းကို အနံ့ခံလိုက်ရှာနေပါပြီ။ ကာလာဘရူနီရဲ့ လျှို့ဝှက်ချက်ဟာ လောလောဆယ်မှာတော့ ပြင်သစ်နိုင်ငံအတွက် လူပြောအများဆုံး ကိစ္စတစ်ခု ဖြစ်နေတာ အမှန်ပဲလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

No comments: