Saturday, October 17, 2009

ပေါင်သားပေါ် ဖက်ရှင်များကြောင့် သတင်း အချက်အလက် နည်းပညာပြပွဲ လူစည်ကား


မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂ဝဝ၉ တွင် နာမည်ကျော်မြန်မာမော်ဒယ်(လ)များ နှင့် တက်သစ်စ မော်ဒယ်(လ) လေးများက အရှက် လုံရုံ လောက်သာ ဖုံးထားသည့် ဖက်ရှင်စတိုင် များဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာ ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

နည်းပညာ ကုမ္ပဏီပေါင်း (၆ဝ) ကျော်မှ ပြခန်းပေါင်း (၁၅ဝ) ကျော်ဖြင့် ခင်းကျင်း ပြသထားပြီး ယခင်နှစ် ဒီဇင်ဘာလ က ရတနာပုံ တယ်လီပို့တွင် ကျင်းပသည့် ဆိုင်ခန်းခ များထက် ဈေးနှုန်း မြင့်မားသည် ဟု Lucky Bird ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောသည်။ အဆိုပါ ပြပွဲသည် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA)၏ ရံပုံငွေ ရရှိရန် အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး MCIA သည် မြန်မာနိုင်ငံ ကွန်ပျုတာ အသင်းချုပ် နှင့် ပူးပေါင်းကာ MISS ICT ပြိုင်ပွဲ ၂၀၀၉ ကို မကြာခင် ကျင်းပတော့မည် ဖြစ်သည်။

ပြပွဲတွင် လက်ပ်တောပ် နှင့် နုတ်ဘွတ် များကို ဈေးနှုန်း ချိုသာစွာဖြင့် ၀ယ်ယူ ရရှိနိုင်ပြီး နိုင်ငံတကာတွင် လူသိများ ထင်ရှားခြင်း မရှိသေးသည့် ကွန်ပျူတာ အမှတ် တံဆိပ်များ ဖြစ်သည့် Prolink နှင့် ViewSonic အမျိုးအစားများမှာ ကျပ် သုံးသိန်းခန့် ၀န်းကျင်သာ ရှိသည် ။
ထိုပြပွဲကို၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်မှ (၁၈) ရက်နေ့ အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။Myanmar ICT Exhibition 2009ပြပွဲပြီးနောက် MISS ICT ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် အမျိုးသမီးများ ကို ယနေ့ ဆီဒိုးနား ဟိုတယ်တွင် နောက်ဆုံး လူရွေးချယ်ပွဲ ကျင်းပခဲ့သည်။

ယခင် အင်ဗွိုင်း ခမ်းမ ဟု ခေါ်သော တပ်မတော် ခမ်းမ၊ ကွန်ပြူတာ ခမ်းမသို့ သွားရောက် ခဲ့သူ တစ်ဦးက “ကွန်ပျုတာပြပွဲ လို့ ဆိုပေမယ့် ဖက်ရှင်ပြပွဲ လုပ်နေတဲ့ အတိုင်းပဲ အရောင်း မြှင့်တင်ရေး ကောင်မလေးတွေက စကတ်တို လေးတွေ ဘောင်းဘီ တိုလေးတွေ ၀တ်ထားတာ ပေါင်လေးတွေ ဖွေးဖွေး ဖြူဖြူ နေတာပဲ ကြည့်လို့ ကောင်းတယ် “ဟု Freedom News Group သို့ ပြောသည်။

No comments: