Tuesday, July 27, 2010

ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်မှုနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ

ဗန်ကောက်- ဇူလိုင်လ ၂၇ ရက်
မြန်မာနိုင်ငံတွင်တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း ပြီးစီးပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သကဲ့သို့ အရှေ့တောင်အာရှတွင်လည်း အကြီးဆုံး စက်မှုဇုန်တစ်ခုဖြစ်ပေါ်လာမည်ဖြစ်မည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီးစီးပါက တန်ချိန်(၃)သိန်း တင်နိုင်မည့် သင်္ဘောများဆိုက်ကပ်နိုင်မည်ဖြစ်ပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံများ၏ မဟာမဲခေါင်ဒေသစီးပွားရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တွင် ထိုင်းနိုင်ငံ ကမ်ချာနာဘူရီပြည်နယ် နှင့် ထားဝယ်မြို့ ဆက်သွယ်မည့် အဝေးပြေး လမ်းမကြီး တစ်ခု ဖောက်လုပ်ခြင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ရိုင်(၂) သိန်း အကျယ် အ၀န်း ရှိသည့် မြေနေရာပေါ်တွင် စက်မှုဇုန်ကြီးတစ်ခု တည်ဆောက်ခြင်းတို့အား မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါ က ထိုင်းနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများ များစွာရရှိစေမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်းဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ စက်မှုလုပ်ငန်းများ ကောင်စီ ဥက္ကဌ Sing Tangcharoenchaichana က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ အမျိုးးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (National Economic and Social Development Board) မှ လေ့လာသူများက ပြောကြားရာတွင် ထားဝယ်ရေနက်စီမံကိန်းနှင့်အတူ ဗီယက်နမ်နိုင်ငံ ဒွန်နောင်းမှ မြန်မာနိုင်ငံ မော်လမြိုင်အထိ ရောက်ရှိမည့် လမ်းမကြီးနှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ မြန်မာနိုင်ငံထားဝယ်သို့ ရောက်ရှိမည့် နိုင်ငံချင်းဆက်လမ်းမကြီးများ၊ တရုတ်နိုင်ငံကူမင်းမြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိမည့် နိုင်ငံချင်းဆက်လမ်းမကြီများကိုလည်း ဆက်သွယ်ဖောက်လုပ် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းနှင့်
အနောက်ပိုင်း ပြည်နယ်များရှိ ပြည်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက အဆိုပါစီမံကိန်းအား တခဲနက် ထောက်ခံလျက်ရှိပြီး အဆိုပါ စီမံကိန်းသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးကိစ္စရပ်များ သာမက သယ်ယူ ပို့ဆောင်ရေးလုပ် ငန်းဖွံ့ဖြိုး တိုးတက်လာ စေမည့် ဆက်သွယ်ရေးဗဟိုချက်မနေရာ တစ်ခုအဖြစ် မျှော်လင့်နေကြသည်။ အဆိုပါစက်မှုဇုန်နယ်မြေတွင် ထိုင်းနိုင်ငံ၏ သယ်သူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှု လယ်ယာလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကို အကျိုးပြုစေမည်ဖြစ်သည့်အတွက် ထိုင်းအစိုးရအနေဖြင့် Chiang Rai ပြည်နယ်ရှိ Mae Sai ခရိုင်မှ Prachicap Khiri Khan ပြည်နယ်သို့ ဆက်သွယ်မည့်လမ်းမကြီးများ ဖောက်လုပ်ပေးသင့်ကြောင်းနှင့် အဆိုပါလမ်းမများကို ဗန်ကောက်အားဖြတ်သန်းမှုမရှိဘဲ ဖောက်လုပ်ပါက ထိုင်းပစ္စည်းများ ထားဝယ်သို့ အဆင်ပြေပြေပို့နိုင်မည် ဖြစ်ကြောင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ထိုင်းအစိုးရထံ တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

No comments: