Thursday, July 29, 2010

မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု အိုဘားမားအတည်ပြု လက်မှတ်ရေးထိုး

မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု (၁) နှစ် ထပ်တိုးဖို့ အမေရိကန်အထက်လွှတ်တော်မှာ ထောက်ခံမဲ (၉၉)မဲ၊ ကန့်ကွက်မဲ (၁) မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို သမ္မတ အိုးဘားမားက အတည်ပြုလက်မှတ် ရေးထိုးလိုက်ပါတယ်။

မြန်မာစစ်အစိုးရအပေါ်မှာ ပြဌာန်းထားတဲ့ စီးပွားရေး ပိတ်ဆို့တဲ့ဥပဒေကို ၂၀၀၃ ခုနှစ် နောက်ပိုင်းမှာ ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီဥပဒေမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်ကို တင်သွင်းမှု တားမြစ်ခြင်း၊ နိုင်ငံတကာဘဏ်များက ငွေကြေးအထောက်အပံ့တွေ စစ်အစိုးရကို မပေးရေးနဲ့ စစ်အစိုးရခေါင်းဆောင်တွေ သူတို့ရဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ခြင်းနှင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ထားခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်က “ လက်ရှိနအဖအစိုးရက အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်” စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို လွှတ်တော်(၂)ရပ်က အမတ်(၃)ပုံ (၂) ပုံကျော်က ထောက်ခံခြင်းဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခြင်းဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

မွန်တာနားပြည်နယ် အထက်လွှတ်တော်အမတ် မက်စ်ဘောကပ်စ်က တစ်ဖက်သက် ကုန်သွယ်ရေး ပိတ်ဆို့တာဟာ အကောင်းဆုံးနည်းလမ်းဟုတ်မဟုတ် ဆိုတဲ့မေးခွန်း အမြဲတမ်းအမေးခံရပါတယ်၊ အမေရိကန်အစိုးရအနေနဲ့ ဒီစီးပွားရေးပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေအပေါ် သက်ရောက်မှုရှိနေပါတယ် ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိနေတဲ့ အထည်ချုပ်စက်ရုံတော်တော်များများကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် တစ်ချို့စက်ရုံတွေ လုပ်ငန်းရပ်ဆိုင်းထားရသလို အလုပ်လက်မဲ့ တွေလည်း များလာခဲ့ပါတယ်၊ စက်ရုံတွေမှာ အလုပ်မရှိတော့တဲ့ မိန်းကလေးတွေဟာ KTVတို့ အနှိပ်ခန်းတို့ နိုက်ကလပ်တို့မှာ ၀င်လုပ်နေကြပါတယ်။

“ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးပိတ်ဆို့တာဟာ အမေရိကန်တစ်ခုတည်းမဟုတ်ဘဲ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ တြစတေးလျတို့ကလဲ အလားတူလုပ်ဆောင်နေတဲ့အတွက် ဆင်းရဲသားမြန်မာပြည်သူတွေကို င်းရဲတွင်းထဲ ပိုပြီး တွန်းပို့နေသလို ဖြစ်နေပါတယ်” လို့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြပါတယ်။

No comments: