Tuesday, August 03, 2010

ကမ္ဘောဒီးယားနိုင်ငံတွင် စစ်မှုမထမ်းမနေရအမိန့်ထုတ်

ချင်းမိုင်

ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံတော်က လိုအပ်သည့် အချိန်၌တာဝန်ထမ်းဆောင်နိုင်ရန် အရန်တပ်ဖွဲ့များ ဖွဲ့စည်း ထူထောင်ရေးအမိန့် ဒီဂရီတစ်ရပ်ကို ကမ္ဘောဒီးယားဝန်ကြီးများ ကောင်စီက ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ(၃၀)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်အရ အငြိမ်းစား(သို့မဟုတ်) အငြိမ်းစား ယူရမည့် အသက်အရွယ်မရောက်မီ နှုတ်ထွက်ခဲ့သူ စစ်သည်ဟောင်းများ၊ စစ်မှုထမ်းဆောင်မှု သဘောတူ စာချုပ်အရ သက်တမ်းကုန်ခဲ့သည့်စစ်သည်များ၊ စစ်မှုထမ်းဆောင်ပြီးခဲ့သည့် အရပ်သားများ၊ သုတေသနလုပ်ငန်းများတွင် ပူပေါင်း ဆောင်ရွက်ခဲ့သူများ၊ ပြည်သူနှင့်တပ်မတော်ကို အကျိုးပြုသည့် လုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်ခဲ့သည့် ပညာရှင်များအား အရန်တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းဖွဲ့စည်းသွားမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယခုရေးဆွဲခဲ့သည့် အမိန့် ဒီဂရီမူကြမ်းမှာ ၂၀၀၆ခုနှစ်က ပြဌာန်းခဲ့သည့် စစ်မှုထမ်းဆောင်ရေး ဥပဒေကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး အသက်(၁၈)နှစ်နှင့်(၃၀)နှစ်အကြား ကမ္ဘောဒီးယား အမျိုးသားအားလုံးကို စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခွင့်ပြုထားသည်။ ၀န်ကြီးချုပ်ဟွန်ဆင်က မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ကျူးကျော်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် ၂၀၀၁ ခုနှစ်က ကတိပြုခဲ့သည့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်အား အင်အားလျော့ချမည့်အစီအစဉ်ကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။