သြဂုတ်လ (၃)ရက်နေ့တွင် ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန၏ တင်ပြချက်အရ ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများ၏ လူနေမှုဘဝ ပြန်လည် ပျိုးထောင်ရန် လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပါသည်။ ထိုလုပ်ငန်းစဉ်များတွင် (၆)လမှ (၁)နှစ်အတွင်းနှင့် (၁)နှစ်မှ(၃)နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ လုပ်ငန်း (၂)ရပ် ပါဝင်ကြောင်း သိရှိရသည်။
ခြောက်လမှ(၁)နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များတွင် ကရင်လူမျိုးးများအား ဖမ်းဆီးခြင်း မပြုဘဲ ထိုင်းနိုင်ငံ အတွင်းရှိ သစ်တောများတွင်သာ လုပ်ကိုင် စားသောက်ခွင့် ပြုရေး၊ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ခွင့်ပြုပေးရန်နှင့် လုပ်ငန်း အမျိုးအစားအား သတ်မှတ် ပေးနိုင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်၊ ၁၉၈၅ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ မတိုင်မီ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ခိုလှုံနေထိုင်သော ကရင်လူမျိုးများအား အမျိုးသား မှတ်ပုံတင် ပြုလုပ်ပေးရန်၊ ကရင်ဒုက္ခသည် စခန်းများ ပိတ်သိမ်းပြီး ကရင်လူမျိုးများအား ဖိနှိပ်သတ်ဖြတ်မှုများကို အကာအကွယ် ပေးရန်ဟူသော အချက်များပါရှိသည်။


၁ နှစ်မှ ၃ နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များတွင် ကရင်လူမျိုးများ နေထိုင်သော နေရာရှိ သစ်တော ကြိုးဝိုင်းများတွင် လုပ်ကိုင် စားသောက်ခွင့် ပြုရန်၊ ကရင်လူမျိုးစုများ၏ ယဉ်ကျေးမှုအား လက်ခံရန်၊ ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသော ကရင် လူမျိုး များအား ထိုင်းနိုင်ငံသားများ ကဲ့သို့ တန်းတူ အကျိုးခံစားခွင့် ပေးရန်၊ စာရေး၊ စာဖတ် သင်ကြားရာတွင် ရှင်းလင်း ပြတ်သားစွာ သင်ကြားပေးနိုင်မည့် သူများအား ရှာဖွေပေးရန်နှင့် စာသင် ကျောင်းများအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန်၊ ကရင်လူမျိုးစု လက်နက်ကိုင်များအား ထိုင်းနိုင်ငံအတွင်း နေထိုင်ခြင်းကို လုံးဝခွင့်မပြုရန်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment