Saturday, January 28, 2012

KNLA တပ်ဖွဲ့များ မွန်အဖွဲ့နယ်မြေသို့ ကျူးကျော်ဝင်ရောက်မှုအပေါ် မွန်အဖွဲ့မှ ကန့်ကွက်


ဘုရားသုံးဆူ ဇန်န၀ါရီလ ၂၇ ရက်
          ကေအင်ယူတပ်ဖွဲ့မှ စောလားဖွယ် ခေါင်းဆောင်တဲ့အဖွဲ့ဟာ အစိုးရနဲ့ မဏာမငြိမ်းချမ်းရေး သဘော တူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းမှာ NMSP (မွန်)အဖွဲ့နယ်မြေဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် အဖွဲ့လာရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မွန်အဖွဲ့အတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပါတယ်။ KNLA အနေနဲ့ မွန်နယ်မြေအတွင်းကို ဒီလိုဝင်ရောက်လာတာဟာ နယ်မြေကျူးကျော်မှုတစ်ခုအဖြစ် မွန်အဖွဲ့က သုံးသပ်နေပါတယ်။

          KNLA အနေနဲ့ကတော့ ဘုရားသုံးဆူမှာ မွန်အဖွဲ့က ဆက်ဆံရေးရုံးဖွင့်ထားသလို သူတို့လဲ မကြာခင်မှာ ဖွင့်လှစ်တော့မှာမို့လို့ မွန်အဖွဲ့နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ချင်လို့ လာတာဖြစ်တယ်လို့ ဆိုပါတယ်။ မွန်အဖွဲ့အနေနဲ့ KNLA နဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်သလို သူတို့ရဲ့ နယ်မြေထဲမှာလဲ KNLA ကို နေထိုင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ မွန်အဖွဲ့ (NMSP) နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရင်ကထဲက တိုက်ပွဲတွေမကြာခဏ ဖြစ်နေခဲ့တာမို့ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စဟာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်အတွင်းရေးမှူးနိုင်ကသောက်မွန်က ခုလိုပြောပြပါတယ်။
          ``သူတို့ KNLA က ကျွန်တော်တို့နယ်မြေထဲမှာ ကျူးကျော်ပြီးဝင်လာတယ်လေ။ ကြိုတင်ညှိနှိုင်း ထားတာမရှိဘဲနဲ့ ၀င်လာတာမို့ ကျွန်တော်တို့ဘက်ကလက်မခံနိုင်ပါဘူး။ သူတို့ KNLA အဖွဲ့တွေက အစကတော့ ခပ်ပျော့ပျော့နဲ့ဝင်လာတာပါဘဲ။ နောက်ပိုင်းကျတော့ သူတို့က နယ်မြေကိုအပိုင်စီးပြီး ဗိုလ်ကျ တော့တာပဲ။ ခုလဲ သူတို့က ကျွန်တော်တို့ မွန် (NMSP) အဖွဲ့နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်မယ် လို့ပြောတယ်။ သူတို့ဘက်က ဗိုလ်မှူးကြီးစောဂျိုးနဲ့ ဗိုလ်မှူးရောဘတ်နဲ့ ဗိုလ်မှူးမာရှယ်တို့ပါလာပါတယ်။ သူတို့ပြောတာတွေကို မယုံကြည်တဲ့အတွက် ကျွန်တော်တို့လက်မခံခဲ့ပါဘူး´´
          KNLA အဖွဲ့တွေအနေနဲ့ ဇန်န၀ါရီ(၂၄)ရက်နေ့က မွန်အဖွဲ့ရဲ့ ကျိုက်မရောနယ်မြေထဲကရွာတွေကို တစ်ရွာကိုငွေကျပ်(၆)သိန်းပေးရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ကျိုက်မရောနယ်မြေအဖွဲ့ခေါင်းဆောင် နိုင်မုတာနဲ့ KNLA အဖွဲ့ စကားများခဲကြပါတယ်။ နယ်မြေလုရင်းမကြာခဏ စကားများရတဲ့ဖြစ်ရပ်တွေ ရှိနေတာမို့ KNLA အဖွဲ့နဲ့ ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူးလို့ မွန်အမျိုးသားရေးရာအဖွဲ့ချုပ်က သတင်း ပေးပို့ထားပါတယ်။

No comments: