Tuesday, January 31, 2012

KNLA တပ်ဖွဲ့များ မွန်အဖွဲ့နယ်မြေသို့ ကျူးကျော်ဝင်ရောက်မှုအပေါ် မွန်အဖွဲ့မှ ကန့်ကွက်

ကေအင်ယူတပ်ဖွဲ့ မှစောလားဖွယ် ခေါင်းဆောင်တဲ့အဖွဲ့ဟာ အစိုးရနဲ့ ပဏာမငြိမ်းချမ်းရေး သဘော တူညီချက်များလက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်ပိုင်းမှာ NMSP(မွန်)အဖွဲ့နယ်မြေဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် ခလော့ခနီမွန်ကျေးရွာကို ဇန်န၀ါရီလ(၂၅)ရက်နေ့ကရောက်ရှိလာပါတယ်။ ခုလိုမျိုး KNLA  စောလားဖွယ် အဖွဲ့လာရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မွန်အဖွဲ့အတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပါတယ်။ KNLA အနေနဲ့ မွန်နယ်မြေအတွင်းကို ဒီလိုဝင်ရောက်လာတာဟာ နယ်မြေကျူးကျော်မှုတစ်ခုအဖြစ် မွန်အဖွဲ့က သုံးသပ်နေပါတယ်။

KNLA အနေနဲ့ကတော့ ဘုရားသုံးဆူမှာ မွန်အဖွဲ့ကဆက်ဆံရေးရုံးဖွင့်ထားသလို သူတို့လဲ မကြာခင် မှာဖွင့်လှစ်တော့မှာမို့လို့ မွန်အဖွဲ့နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ချင်လို့ လာတာဖြစ်တယ်လို့ဆိုပါတယ်။ မွန်အဖွဲ့ အနေနဲ့ KNLAနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်သလို သူတို့ရဲ့နယ်မြေထဲမှာလဲ KNLA ကို နေထိုင်ခွင့်ပေး မှာမဟုတ်ပါဘူး။ မွန်အဖွဲ့(NMSP) နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရင်ကထဲက တိုက်ပွဲတွေ မကြာခန ဖြစ်နေခဲ့တာမို့ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စဟာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်အတွင်းရေးမှူးနိုင်ကသောက်မွန်က ခုလိုပြောပြပါတယ်။
            ``သူတို့KNLA ကကျွန်တော်တို့နယ်မြေထဲမှာ ကျူးကျော်ပြီးဝင်လာတယ်လေ။ ကြိုတင်ညှိနှိုင်းထား တာမရှိဘဲနဲ့ ၀င်လာတာမို့ ကျွန်တော်တို့ဘက်ကလက်မခံနိုင်ပါဘူး။ သူတို့KNLA အဖွဲ့တွေက အစကတော့ ခပ်ပျော့ပျော့နဲ့ဝင်လာတာပါဘဲ။ နောက်ပိုင်းကျတော့ သူတို့က နယ်မြေကိုအပိုင်စီးပြီးဗိုလ်ကျတော့တာပဲ။   ခုလဲ သူတို့က ကျွန်တော်တို့ မွန်(NMSP) အဖွဲ့နဲ့ပူးပေါင်းပြီးစီးပွားရေးလုပ်ငန်းတွေလုပ်မယ်လို့ပြောတယ်။ သူတို့ဘက်ကဗိုလ်မှူးကြီးစောဂျိုးနဲ့ဗိုလ်မှူးရောဘတ်နဲ့ဗိုလ်မှူးမာရှယ်တို့ပါလာပါတယ်။သူတို့ပြောတာတွေကို မယုံကြည်တဲ့အတွက် ကျွန်တော်တို့လက်မခံခဲ့ပါဘူး``
          KNLA အဖွဲ့တွေအနေနဲ့ ဇန်န၀ါရီ(၂၄)ရက်နေ့က မွန်အဖွဲ့ရဲ့ကျိုက်မရောနယ်မြေထဲကရွာတွေကို တစ်ရွာကိုငွေကျပ်(၆)သိန်းပေးရမယ်လို့တောင်းဆိုခဲ့တာကြောင့် ကျိုက်မရောနယ်မြေမွန်အဖွဲ့ခေါင်းဆောင် နိုင်မုတာနဲ့ KNLA အဖွဲ့ စကားများခဲ့ကြပါတယ်။ နယ်မြေလုရင်းမကြာခဏစကားများရတဲ့ဖြစ်ရပ်တွေရှိနေ တာမို့ မွန်အဖွဲ့အနေနဲ့ KNLA အဖွဲ့နဲ့ ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူးလို့ မွန်အမျိုးသားရေးရာအဖွဲ့ချုပ်က သတင်းပေးပို့ထားပါတယ်။


.

No comments: