Tuesday, February 28, 2012

ကချင်အမျိုးသမိးကို ဖမ်းဆီးထားခြင်းမရှိဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ငြင်းဆို

အစိုးရ တပ်မှ ဖမ်းဆီးခြင်းခံရသည့် ကချင်အမျိုးသမိးကို ပြန်လွတ်ပေးရန် တရားလွတ်တော်ချုပ်သို့ ရှေ့တော်သွင်းစာချွန်လွာဖြင့် လျောက်ထားသည့် အမူကို စစ်တပ်က ကျူးလွန်ခြင်းမရှိဟု တရားလွတ်တော်တွင် လျောက်လဲချက်ပေး ကြောင်းသိရသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ခုံရုံးဖွဲ့ပြီး စစ်ဆေးတယ်၊ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေ မရှိခဲ့ပါဘူး ဆိုပြီး တရားရုံးမှာ လျောက်လဲချက်ပေးပါတယ် ဟု အမူကိုကူညီဆောင်ရွက်ပေးသူ ဦးမာခါးက ပြောသည်။
ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် တရားလွတ်တော်ချုပ်သို့ တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပထမရုံးချိန်းသတ်မှတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးချိန်းတွင် တရားလွတ်တော်ချုပ်ရုံးမှ ရှေ့နေများက အမူတွဲကို မလေ့လာရသေးဟု ဆိုကာ ၂၃ ရက်နေ့ သို့ထပ်မံချိန်းဆိုခဲ့ပြီး ၂၃ ရက်နေ့ ရုံးချိန်းတွင် စစ်တပ်ဘက်မှ ယခုကဲ့သို့လျောက်လဲခြင်းဖြစ်သည်။
ကျွန်တော်တို့အနေနဲ့ ပြန်လျောက်လဲတာကတော့ တကယ်အဖမ်းခံရလို့ လျောက်ထားတာ ဖြစ်တဲ့ အတွက် ခုံရုံးဖွင့်ပြီး တကယ်ဖမ်းခံရတာ ဟုတ်မဟုတ် စစ်ဆေးပေးဖို့ ပြန်လျောက်လဲခဲ့ပါတယ်။ နောက်တပတ်လောက် မှာ တရားရုံးက အမိန့်ချမယ်လို့ မျှော်လင့်ပါတယ် ဟု ဦးမာခါးက ဆက်လက်ပြောပြသည်။
လာမည့်အပတ် အမိန့်ချရာတွင် ဖြစ်နိုင်ချေနှစ်မျိုးရှိပြီး ပထမတမျိုးမှာ ခုံရုံးဖွဲ့ကာ အဖမ်းခံရခြင်း သေချာ မသေချာ စစ်ဆေးရန်နှင့် စစ်တပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ပေါ်လွင်သဖြင့်  အမူပိတ်ခြင်းတို့ ဖြစ်နိုင် ကြောင်းသိရသည်။ အမူပိတ်လိုက်ပါကလည်း တတ်နိုင်သည့် တရားဝင်နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည် ကြိုးစားသွားမည် ဖြစ်ကြောင်း ဦးမာခါးကဆက်လက်ပြောပြသည်။
အမူလျောက်လဲသည့်နေ့တွင် ခမရ ၃၂၁မှ ဗိုလ်ကြီးကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူးဇေယျာအောင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မဆွမ်းလွတ်ရွယ်ဂျာနှင့် အမူတွဲဖြစ်သော တာလောကြီးရွာသား နှစ်ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြစ်ကြီးနားရှိ စရဖ သို့ပို့ဆောင်ထားပြီး စစ်ဆေးကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်  မြစ်ကြီးနားထောင်ကြိး သို့ ပို့ဆောင်ကာ ၁၇/၁ ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။ အဖမ်းခံရသူ နှစ်ဦးမှာ မြစ်ကြီးနား ထောင်ကြီးသို့ မရောက်မှီ တလကျော်ကြာ စစ်တပ်တွင် ဖမ်းခံထားရကြောင်းသိရသည်။ ယင်းအမူအတွက် မြစ်ကြီးနားမြို့မှ ကချင်ရှေ့နေ နှစ်ဦးလိုက်လံဆောင်ရွက်ပေးနေကြောင်းသိရသည်။

No comments: