Friday, February 10, 2012

မြန်မာ့ရွှေဈေး ဘာကြောင့်မြင့်တက်ရသလဲ

ရန်ကုန် ဖေဖော်ဝါရီ ၁၀ရက်
မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီးပြောင်းလဲနေတယ်ဆိုတာ သတိထားမိကြပါ လိမ့်မည်။ သတိမထားမိသူတွေ၊ သတိမမူလို့ ဂူမမြင် တဲ့သူတွေအတွက် အသိအမြင်ကြွယ်ဝပြီး ဗဟုသုတ ရှိအောင် မျှဝေ လိုက်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးဟာ ဖေဖော်ဝါရီလ ၄ရက်နေ့က ၁အောင်စကို ၁၇၂၅ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၀၀၀၀ကျပ် ရှိခဲ့တယ်။
နောက်တနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ကျတော့ ၁အောင်စကို ၁၇၂၅ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၁၀၀၀ ကျပ်ဖြစ်သွားတယ်တယ်။ ဖေဖော်ဝါရီလ ၆ရက်နေ့ရောက်တဲ့အခါကျတော့ ၁အောင်စကို ၁၇၃၄ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၀၀၀၀ကျပ်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၇ရက်နေ့မှာ တော့  ၁အောင်စကို ၁၇၂၀ ဒေါ်လာ ရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၂၀၀၀ကျပ်ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းကနေ ၀န်ထမ်း တွေကို လစာတွေ တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာအဆိုတင်သွင်းခဲ့တာကို အကယ်ဒမီပေးပွဲအပြီးမှာ ထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒါကြောင့် ပြည်သူတွေကလစာတွေတိုးလာရင်အခြေခံစားကုန် ဈေးနှုန်းတွေ မြင့်တက်လာတာအပြင် အခြားသော ဈေးနှုန်းတွေလည်း မြင့်တက်လိမ့်မယ်လို့ ထင်ခဲ့ကြတာတွေကို ပြည်သူတွေရဲ့ အသံတွေ ကြားခဲ့ရပါတယ်။ ဈေးကွက်စီးပွားရေးကိုလေ့လာသူ တစ်ယောက် အနေနဲ့ မဖြစ်နိုင်ဘူးဆိုတာကို သိပေမယ့် ပြည်သူတွေသိအောင် ပြောရမယ့်တာဝန်ရှိတာမို့အခုဖြစ်ပေါ်နေတဲ့ ရွှေဈေးနှုန်းကို   နှိုင်းယှဉ်ပြီးပြောရခြင်းပါပဲ။
ဖေဖော်ဝါရီလ ၈ရက်နေ့မှာ ၁အောင်စကို ၁၇၄၉ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သား ကို ၇၄၃၀၀၀ကျပ်ရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကမ္ဘာ့ရွှေဈေးနှုန်းက ၁၇၄၉ ဒေါ်လာထိမြင့်တက် သွားတဲ့အခါမှာ မြန်မာ့ရွှေဈေးနှုန်းကလည်း ၇၄၃၀၀၀ထိမြင့်တက်သွားတာ ကိုတွေ့ရမှာဖြစ်တယ်။ တကယ် တန်းတော့ မြန်မာ့ရွှေဈေးနှုန်းဟာ လစာတွေတိုးမယ်ဆိုလို့တက်တာမဟုတ်ဘဲ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက် လာလို့ တက်ရတယ်ဆိုတာကို မြင်နိုင်ပါတယ်။ အခြားသောကုန်ပစ္စည်းတွေ အနေနဲ့လည်း ဈေးနှုန်းတက်နိုင် ခြေ မရှိဘူးဆိုတဲ့ အကြောင်းကိုတော့ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ)က “လစာတိုးပေးခြင်းကြောင့် ဈေးနှုန်းတက်ခြင်း၊ အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှု များပြားခြင်း၊ ငွေကြေး ဖောင်းပွမှု ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ခြေ နည်းပါးကြောင်း” ပြောဆိုထားတာကိုလည်း တွေ့နိုင်ပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ အကြောင်းအရာတစ်ခုကိုလက်တွေ့ကျသုံးသပ်ပြီးမှစဉ်းစားဝေဖန်သင့်ကြောင်း စေတနာစကားလက်ဆောင်ပါးလိုက်ပါတယ်။

ကောင်းမြင့်

No comments: