Saturday, February 04, 2012

မြန်မာပြည်ကို ပြန်လာချင်တဲ့ မိုးသီးဇွန် ပြည်ပမှာဘာတွေလုပ်ခဲ့သလဲ

မိုးသီးဇွန်တစ်ယောက် မြန်မာနိုင်ငံကို ပြန်လာ ချင်တယ်ဆိုတဲ့သတင်း ဖတ်ရတော့ မြန်မာပြည် အရေးအတွက် ရင်လေးမိပါတယ်။ ပြည်ပက ထောက်ပံ့တာတွေ မရရှိတော့လို့များ ရူးကြောင် ကြောင် ဖြစ်သွားသလားလို့ ထင်မိပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံက ရဲဘော်ဟောင်းတွေ ကျန်နေသရွေ့ မင်းအတွက်တော့ ကံဆိုးနေအုံးမှာပဲ မိုးသီးဇွန်။ ဘယ်လိုပဲလိမ်လိမ်၊ ဘယ်လိုပဲ စားကောင်း သောက်ကောင်း၊ အနေချောင်အောင် မဟုတ်တဲ့ စကားလုံးတွေနဲ့ မြန်မာနိုင်ငံနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို မစော်ကား မိပါစေနဲ့။ ပြည်ပမှာနေ ပြည်ပက ကျွေးတဲ့ဟာကိုစား၊ ပေးတာကိုယူပြီး ကိုယ့်ဘ၀ကို ဇာတ်မြှပ်နေလိုက်တာက ခင်ဗျားအတွက် ပိုကောင်းမယ်လို့ထင်ပါတယ်။ အခွင့် အရေး ပိုရချင်နေတာနဲ့ မဟုတ်မမှန်စကားတွေ လုပ်ကြံပြီး မပြောပါနဲ့လို့ သတိပေးလိုက်ပါတယ်။
          မိုးသီးဇွန်ပြောတဲ့စကားက သူအပါအ၀င် ပြည်ပရောက် ၈၈ မျိုးဆက်သစ်တွေ ၊ ပြည်ပရောက် မြန်မာနိုင်ငံသား ဒီမိုကရေစီအင်အားစုတွေက မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည် ထွန်းကားရေး ၊ လူ့အခွင့် အရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်ပေါင်း များစွာ ကြိုးပမ်းဆောင်ရွက်နေသူတွေလို့ ပြောပါတယ်။ နားမလည်တဲ့ ကလေးသူငယ်တွေကပြောရင်
ခွင့်လွှတ်နိုင်ပါတယ်။ ABSDF ကို နှစ်ခြမ်းကွဲအောင် လုပ်တဲ့သူ ဘယ်သူလဲဆိုတာ ပြောပြဖို့လိုသေးလား။ မိုးသီးဇွန် မြန်မာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် ဘာလုပ်ခဲ့ပါသလဲ။ ဒီမိုကရေစီဆိုတာကော နားလည်ရဲ့လား။ လူ့အခွင့်အရေးဆိုတာကော ဘယ်လောက်နားလည်ခဲ့ပါသလဲ။
ကျောင်းသားအချင်းချင်းဖြစ်တဲ့ ဋ္ဌေးနိုင်ကို မသတ်ဖို့ တော်လှန်ရေးရဲဘော်တွေပြောတုန်းက စကားကိုရော နားထောင်ခဲ့လို့လား၊ နောက်ဆုံး ဋ္ဌေးနိုင် ဘယ်လိုသေခဲ့ရတယ်ဆိုတာ မိုးသီးဇွန်အသိဆုံးပါ။ နောက်တစ်ခုက ပြည်တွင်းစစ်ရပ်စဲရေးဆိုတာကိုရော ဘယ်လောက်ကြိုးပမ်း ဆောင်ရွက်ပြီးပြီလဲ။ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လောက်ထိအကောင်အထည်ဖော် ကြိုးပမ်းခဲ့သလဲ။ ငြိမ်းချမ်းနေတဲ့ ပြည်သူတွေ ကိုတောင် အထင်မှားအမြင်မှားအောင် ပြည်ပကနေ ဒီမိုကရေစီ ဆိုတဲ့စကားလုံးကို ဖတ်ဖူး ၊ ကြာဖူးရုံနဲ့ မြန်မာနိုင်ငံမအေးချမ်းအောင်လုပ်နေတဲ့သူက ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေတယ် ဆိုတာ ပြောသူမရှက်၊ နားထောင်ရသူတော့ ရှက်လှပါတယ်။
          အားလုံးဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့အတွက် လက်ရှိအစိုးရက တရားဝင်ဖိတ်ခေါ်မှုတွေ စီမံ ဆောင်ရွက်မှုတွေကိုပြုလုပ်ပေးဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်လို့လည်း လူကြားကောင်းအောင် သူရဲကောင်း ၀င်လုပ်ခဲ့တယ်မလား။ တော်လှန်ရေးရဲဘော်တွေကြားမှာ သွေးထိုးတာ ၊ အဖွဲ့အစည်းကို နှစ်ခြမ်းကွဲအောင်လုပ်တာတွေ ၊ ဌေးနိုင်ကို ရဲဘော်အားလုံးပြန်လွှတ်ပေးဖို့ စာနဲ့တစ်မျိုး၊ ဆက်သွယ်ရေးစက်နဲ့ တစ်မျိုးပြောဆိုခဲ့တာတွေကို လျစ်လျူရှုပြီး သတ်ပစ်ခဲ့တာတွေကို သိက္ခာရှိတယ်လို့ သတ်မှတ်ရင် မြန်မာပြည်ကို လာဖို့ဖိတ်ခေါ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယုံပြီး အရှက်တရားနဲ့လူလုပ်နေတာဆိုရင်တော့ သိက္ခာရှိရှိနေထိုင်ဖို့ မြန်မာပြည်ကို ပြန်မလာနဲ့လို့ ပြောပါရစေ။
          ABSDF ကြီး နှစ်ခြမ်းကွဲအောင် ကြိုးပမ်းမှု၊ မြန်မာပြည်ဒီမိုကရေစီရဖို့အတွက် မြန်မာပြည်ကို စွန့်လွှတ်ပြီး တိုင်းတစ်ပါးမှာ သောက်စား၊ မူးယစ်၊ မိန်းမလိုက်စားနေမှုတွေက မိုးသီးဇွန်ရဲ့ ရှစ်လေးလုံး ကျောင်းသား တော်လှန်ရေးစိတ်ဓာတ်တွေလား မသိဘူး။ ကောင်းကောင်းနေပါ။ ကောင်းကောင်းစားပါ။ ရှစ်လေးလုံးရဲဘော်တွေရှိသမျှ အင်အားလေးနဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲဝင်နေချိန် မိုးသီးဇွန် အမေရိကားမှာ ပျော်ပါးနေခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။
          မြန်မာပြည်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတဲ့အုတ် ၊ သဲ ၊ ကျောက်တွေကိုလည်း သယ်ဆောင်ချင်ပါသေးတယ်တဲ့။ မိုးသီးဇွန်သယ်လာမှာတွေက တည်ဆောက်ဖို့ အုတ်၊သဲ၊ကျောက်တွေ မဖြစ်နိုင်ဘူး။ ABSDF တို့ရဲ့ လမ်းစဉ်အတိုင်း မိုင်းခွဲ၊ လူသတ်၊ ပြည်သူတွေကိုနှိပ်စက်ဖို့ပဲဖြစ်ပါလိမ့်မယ်။ အနေချောင်မလားလို့ မြန်မာပြည်ကို ပြန်လာချင်တယ်။ အနေမချောင်ရင် တတိယနိုင်ငံတွေဆီကို ပြန်သွားမယ်။ ယုတ်မာတဲ့အကြံနဲ့ မြန်မာပြည်ပြန်လာမယ့် မင်းလိုလူမျိုးကို အစိုးရကခွင့်လွှတ်ပြီး လက်ခံခဲ့ရင်တောင် မင်းကြောင့်စိတ်ဒုက္ခရောက်ခဲ့ရတဲ့ မိသားစုတွေနဲ့ ပြည်သူလူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာ မင်းနားလည်ထားပါ။
          နောက်တစ်ခုကတော့ လူဝင်မှုကြီးကြပ်ရေးက အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေရဲ့ မသမာမှုကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့တောင်းဆိုရင် မြ၀တီနယ်စပ်ကို စောလားဘွယ်အဖွဲ့ ပစ်ခတ် မှုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဆီကို မင်းရောက်လာပြီး နိုင်ငံတကာက ငွေကြေးအကူအညီ တောင်းခံခဲ့တာတွေ၊ ဒုက္ခသည်တွေကိုတော့ အသီးအရွက်နဲ့ကျွေးပြီး ရလာတဲ့ပိုက်ဆံတွေကို အမေရိကားမှာ ဖြုန်းပစ်တာတွေကို အရင်ဆုံး ခုံရုံးတင်စစ်ဆေးခံနိုင်အောင် ပြင်ဆင်ထားပါ။
          မြန်မာပြည်မှာ ကြက်သားဟင်းနဲ့ ထမင်းစားနိုင်ဖို့ နက်စ်ကော်ဖီသောက်နိုင်ဖို့ မလွယ်ဘူးဆိုတဲ့ စကားက မြန်မာ့ဒီမိုကရေစီအတွက် အပင်ပန်းဆင်းရဲ ဒုက္ခမခံနိုင်လို့ မပြန်လာတော့ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ မြန်မာပြည်သူလူထုအတွက် ကြက်သားစားရမှ ကော်ဖီသောက်ရမှ လုပ်ပေးနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြည်သူတွေမြင်ကုန်ပြီ။ မိုးသီး မင်းမှာ အရင်တုန်းက စိတ်ဓာတ်ရှိနေတုန်းပဲ။ အဲ့ဒီစိတ်ဓာတ်နဲ့ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ပြန်လာအုံးမယ်ဆိုတော့ မင်းလိုလူမျိုး မြန်မာပြည်ရောက်ရင် ပြည်သူလူထုဒုက္ခရောက်ဖို့ပဲရှိတော့တယ်လို့ ပြောချင်တယ်။         နောက်ဆုံးပြောချင်တာက မိုးသီးဟာ ရှစ်လေးလုံးခေါင်းဆောင်မဟုတ်သလို ဒီမိုကရေစီရေး ကြိုးပမ်းနေသူလဲ မဟုတ်ဘူးဆိုတာပါပဲ။
ရှစ်လေးလုံးခေါင်းဆောင်ဆိုတာ ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူ့အတွက်အနစ်နာခံတယ်။  ပင်ပန်း ပါစေ၊ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ရပ်မနေဘဲ ဆက်လျှောက်တယ်။ မိုးသီးလို အခွင့်ရေးသမား၊ ညာစားနေ့တဲ့သူမဟုတ်ဘူး။ မိုးသီးကြောင့် ရှစ်လေးလုံးမှာ အသက်ပေးသွားရတဲ့ သူတွေနဲ့ အသတ်ခံလိုက်ရသူတွေအစား ရင်နာမိတယ်။ မိုးသီးဇွန်ရဲ့ ပြန်လာမယ်ဆိုတဲ့စကားကို လက်မခံကြဖို့ အခုပြောပြတဲ့ စေတနာစကားတွေနဲ့ နှလုံးသွင်းပြီး လက်ခံပေးစေချင်ပါတယ်။ မိုးသီးပြန်မလာလို့ မြန်မာပြည် ငြိမ်းချမ်းနေတာပါ။ မိုးသီးသာ မြန်မာပြည်ပြန်လာရင် ဘယ်အဖွဲ့အစည်းမှ ကြာကြာခံမှာမဟုတ်ဘဲ  နှစ်ခြမ်းမက အစိတ်အမွှာမွှာ ကွဲသွားစေနိုင်တာမို့ စေတနာအရင်းခံနဲ့ ဖြစ်ရပ်မှန်တချို့ကို ဖော်ထုတ် လိုက်ပါတယ်။

ရှစ်လေးလုံးရဲဘော်ဟောင်းများသို့  စာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။
ABSDF (NB)  ရဲဘော်ဟောင်းတစ်ဦး

2 comments:

Anonymous said...

ဒီလူရုပ်ကြည့်ရတာနဲ့တင်သူ့စိတ်ဓါတ်ကို အကဲခတ်မိပါဘူး.အဲဒီကျောင်းသားအဖွဲ့ထဲမှာလဲ ဒီလိုလူမျိုးတွေကြောင့် သိက္ခာကျရတယ်.မိုးသီးဇွန်မင်းပြန်မလာပါနဲ့.ငါတို့ပြည်သူတွေကန့်ကွက်ပါတယ်..

မိုးဟိန်း said...

အမှိုက်ကောင်ကကွာ .... မျက်နှာပြောင်နေသေးတယ်.... ကို့ အကြောင်း ကိုမသိလောက်အောင် တုံးအ နေရင်ပြန်လာခဲ့